/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-အော့အန်တဲ့အခါ

ကလေးတွေ အော့အန်တဲ့အခါ...

Category
ကလေးများနှင့်ကျန်းမာရေး

         ကလေးတွေဟာ လူကြီးတွေထက်ပိုပြီး အန်လေ့ရှိပြီး ကလေးငယ်များ အန်တဲ့အခါမှာ မိဘများအနေဖြင့် ထိတ်ထိတ် ဖျာဖျာဖြစ်လေ့ရှိပါတယ်။ ကားမူးခြင်း၊ ပြင်းထန်စွာချောင်းဆိုးခြင်း၊ ပြင်းထန်စွာငိုကြွေးခြင်း၊ အစားများခြင်း၊ အစာကြေရန်ခက်ခဲသော အစားအစာများစားသုံးမိခြင်း၊ အစာအဆိပ်သင့်ခြင်းတို့ကြောင့် အော့အန်နိုင်ပါတယ်။

          ကလေးတွေမှာတော့ အစားများခြင်းကြောင့် အန်တာက အဓိကအကြောင်းအရင်းဖြစ်ပြီး ပုံမှန်အားဖြင့် 6 နာရီမှ 24 နာရီအတွင်း သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။ အခြားသောကျန်းမာရေးပြဿနာတွေ မရှိ၊ ကိုယ်အလေးချိန်လည်း တက်တယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။

 

ဘယ်လိုအခြေအနေမှာ ဆရာ၀န်နှင့် ပြသသင့်သလဲ ?

        အော့အန်ခြင်းနှင့်အတူ အခြားသော အရေးကြီးလက္ခဏာများဖြစ်တဲ့ -

- ကိုယ်ပူခြင်း

- အစာမစားခြင်း

- လေးနာရီမှ ခြောက်နာရီ အတွင်း အအန်မရပ်ခြင်း

- အနီကွက်ထွက်လာခြင်းနှင့် ၎င်းအနီကွက်ကို ဖိကြည့်ပါက ပျောက်မသွားခြင်း

- ဂဏှာမငြိမ်ခြင်း

- အလွန်အမင်း မှိန်းနေခြင်း

- ၀မ်းဗိုက်ဖောင်းကားခြင်း

- အန်ရာတွင် သွေး (သို့) အခါးရည် စိမ်းစိမ်းပါလာခြင်း

- အစာစားပြီး နာရီ၀က်အတွင်း အင်တိုက်အားတိုက် အန်ခြင်း

- ပြင်းထန်စွာ ဗိုက်နာခြင်း

- ရေဓာတ်ခမ်းခြောက်ခြင်း ရဲ့လက္ခဏာများဖြစ်တဲ့ နှုတ်ခမ်းခြောက်သွေ့ခြင်း၊ မျက်ရည်မထွက်တော့ခြင်း၊ ဆီးနည်းသွားခြင်း စတဲ့ လက္ခဏာများ တွေ့ရှိရပါက ဆရာ၀န်နှင့် အမြန်ဆုံးပြသသင့်ပါတယ်။

 

အန်နေချိန်မှာ ကလေးကို ဘယ်လိုပြုစုမလဲ ?

        အန်လိုက်တာကြောင့် ရေနှင့်ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတာကြောင့် ရေဓာတ်ပြည့်၀နေရန်နှင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေ ပြန်လည်ရရှိအောင် ဓာတ်ဆားရည်ကို မကြာခဏတိုက်ပေးပါ။ နို့စို့ကလေးဖြစ်ပါက မိခင်နို့ဆက်တိုက်ပေးပါ။ တချိန်တည်းမှာ အရည်အများကြီးတိုက်ပါက အော့အန်နိုင်တာကြောင့် ကလေးငယ်သောက်နိုင်သလောက်သာ တိုက်ပေးပါ။ အသီးဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဂတ်စ်ပါတဲ့ ဖျော်ရည်တွေကို လုံး၀မတိုက်သင့်ပါဘူး။

          အစာကြေလွယ်တဲ့ အစားအစာတွေကိုသာ ကျေွးပါ။ ငှက်ပျောသီး၊ ဒိန်ချဉ်၊ ကလေးအတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ အာဟာရမှုန့် စတာတွေနဲ့စတင်ပြီးမှ တဖြည်းဖြည်းအစာမာတွေကို ပြန်ကျေွးပါ။

          အပြည့်အ၀အနားယူပါစေ၊ မူကြိုတက်နေတဲ့ အရွယ်ဖြစ်ပါက ကျောင်းသို့မလွှတ်ဘဲ အိမ်မှာအနားယူပါစေ။ အအန်ရပ်ဆေးတွေကို မိမိသဘောဖြင့် ကလေးငယ်ကို မတိုက်သင့်ပါဘူး။

 

Dr. Htet Htet Aung (www.drmyanmar.com)