ကလေးများကို တစ်နေ့လျှင် အစားအစာများ၌ပါသော သကြား လက်ဘက်ရည်ဇွန်း 6 ဇွန်း ထက်ပိုမကျေွးသင့်
အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့က ကလေးများနှင့် ဆယ်ကျော်သက်အရွယ်တွေဟာ တစ်နေ့ကို အစားအစာတွေမှာ ပါဝင်တဲ့သကြား လက်ဘက်ရည်ဇွန်း 6 ဇွန်းထက်ပိုမစားသင့်ကြောင်း၊ တစ်ပတ်လျှင် သကြားပါဝင်သောအချိုရည် 8 အောင်စထက် ပိုမသောက်သင့်ကြောင်း ဆိုထားပါတယ်။
2 နှစ်အောက် ကလေးတွေကတော့ ဒီသကြားမျိုးကို လုံးဝမစားသင့်ပါဘူး။ အစားအစာတွေ၊ အချိုရည်တွေပြုလုပ်တဲ့နေရာမှာ သကြားတွေကိုထည့်သွင်းပြုလုပ်ကြပါတယ်။ ဒီသကြားစားသုံးမှုက အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများခြင်းကဲ့သို့သော နှလုံးသွေးကြောရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။
မိဘများအတွက် အကြံပြုချက်
ကလေးတွေရဲ့အစားအစာတွေထဲမှာ သကြားဓာတ်အများကြီးထည့်ကျေွးခြင်း၊ သကြားဓာတ်ပါသော အချိုရည်များ၊ အစားအစာများ၊ သကြားလုံး၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်များတိုက်ကျေွးခြင်း မပြုသင့်ပါဘူး။
ဈေးဝယ်တဲ့အခါတိုင်း ဝယ်လိုက်တဲ့ပစ္စည်းမှာ သကြားပါဝင်မှုဘယ်လောက်ရှိတယ်ဆိုတာကိုကြည့်တဲ့ အလေ့အကျင့်လုပ်ပါ။ ပါဝင်ပစ္စည်းစာရင်းထဲမှာ ပထမဆုံးက သကြားဖြစ်နေတဲ့ အစားအစာတွေကိုရှောင်ကြဉ်ပါ။
ပါဝင်ပစ္စည်းအညွှန်းမှာ သကြားကို high fructose corn syrup, dextrose, fructose, fruit juice စသည်ဖြင့် နာမည်အမျိုးမျိုးနဲ့ဖော်ပြတတ်ပါတယ်။ သကြားအနည်းဆုံးပါဝင်တဲ့ အစားအစာကိုရွေးချယ်ဝယ်ယူပါ။
ကလေးကို လတ်ဆတ်တဲ့အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေများများကျေွးပါ။
Dr. Mya Myo Myo Swe
















