/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများတွင်-လေပြွန်ရောင်ခြင်း

ကလေးများတွင် လေပြွန်ရောင်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

Respiratory syncytial virus ကြောင့်ဖြစ်တာဖြစ်ပြီး ကလေးငယ်တွေမှာ အဖြစ်များကာ ပြင်းထန်တဲ့ အသက်ရှူခြင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်စေပါတယ်။

>>  အဓိကအချက်များ
●  Respiratory syncytial virus ကြောင့် အဖြစ်များပါတယ်။
●  ရောဂါလက္ခဏာတွေကတော့ နှာရည်ယိုခြင်း၊ ကိုယ်အနည်းငယ်ပူခြင်း၊ ချောင်းဆိုးရာမှ အသက်ရှူခြင်းဆိုင်ရာ အခက်အခဲများ ဖြစ်လာခြင်း
●  ၇-၁၀ ရက်လောက် ကြာလေ့ရှိပါတယ်။
●  ပြင်းထန်တဲ့ အသက်ရှူပြဿနာတွေကိုဖြစ်စေပြီး ဆေးရုံတက်ကာ အောက်ဆီဂျင်နဲ့ အကြောထဲ ဆေးသွင်းကုသဖို့ လိုအပ်ပါတယ်။
လေပြွန်ရောင်ခြင်းက အသက် ၆ လအောက် ကလေးငယ်တွေမှာ အဖြစ်များပေမယ့် အသက် ၁ နှစ်အထိတော့ ဖြစ်နိုင်ချေ များပါတယ်။
ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အဆုတ်ထဲမှာရှိတဲ့ အသေးဆုံးပြွှန်လေးတွေ ကျဉ်းသွားစေပါတယ်။ ဒီလိုကျဉ်းသွားတဲ့အခါမှာ ပြွန်တွေကိုဖြတ်ပြီး လေဝင်ဖို့ခက်သွားကာ အဆုတ်ဆီကို အောက်ဆီဂျင် အရောက်နည်းသွားပြီး အသက်ရှူရခက်စေပါတယ်။

Atussin Kids 1

>>  ရောဂါလက္ခဏာများ
အစပိုင်းမှာ ကလေးက ဗိုင်းရပ်စ်ပိုးဝင်တဲ့လက္ခဏာတွေဖြစ်တဲ့ နှာရည်ယိုခြင်း၊ ကိုယ်အနည်းငယ်ပူခြင်း၊ ချောင်းဆိုးရာမှတစ်ဆင့် အသက်ရှူရခက်ခြင်း စတာတွေ ခံစားရပါတယ်။
●  အသက်ရှူရင် တရွှီရွှီမြည်သံနဲ့အတူ အသက်ရှူမြန်လာပါတယ်။
●  အသက်တစ်ခါရှူတိုင်း ကလေးရဲ့ရင်ဘတ်က အရမ်းချိုင့်ဝင်သွားတာကို တွေ့ရပါမယ်။
•    ကလေးက အသက်ရှူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေရပါတယ်။
●  ကလေးက နေမကောင်း ပိုဖြစ်လာလေ နုံးပြီး ပင်ပန်းနွမ်းနယ်ကာ အစားအသောက်ပျက်လာလေ ဖြစ်ပါတယ်။

>>  ရောဂါကြာချိန်
ရောဂါက ၇-၁၀ ရက်ကြာလေ့ရှိပြီး ရောဂါဖြစ်တဲ့ ၂-၃ ရက်မြောက်မှာ အဆိုးဆုံးဖြစ်ပါတယ်။ ရောဂါက ဒီထက်ပိုကြာတာ ရှားပေမယ့်လည်း ဖြစ်ပြီးရက်သတ္တပတ်အတော်ကြာအထိ ချောင်းဆိုးတာ ကျန်နေနိုင်ပါတယ်။

>>  ရောဂါပျံ့နှံ့ခြင်း
ရောဂါဖြစ်နေတဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်းကနေ ထွက်လာတဲ့အစက်တွေကနေတစ်ဆင့် ကူးစက်ပျံ့နှံ့ပါတယ်။ နေ့ကလေးထိန်းကျောင်းတွေမှာထားတဲ့ ကလေးတွေမှာ ရောဂါကူးစက်နိုင်ချေ ပိုများပါတယ်။

>>  ရောဂါပျံ့နှံ့နိုင်သောအချိန်ကာလ
ရောဂါလက္ခဏာမပြမီ ရက်အတော်ကြာကနေပြီးတော့ အသက်ရှူပုံမှန်ပြန်ဖြစ်တဲ့အထိ ရောဂါကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီးနောက်ကနေ ရောဂါလက္ခဏာပြဖို့ ရက်အနည်းငယ်ကနေပြီး တစ်ပတ်ခန့် ကြာနိုင်ပါတယ်။

Atussin Kids 2

>>  နောက်ဆက်တွဲဆိုးကျိုးများ
လေပြွန်ရောင်ခြင်းကြောင့် ပြင်းထန်တဲ့အသက်ရှူပြဿနာတွေကိုဖြစ်စေကာ ဆေးရုံတက်ပြီး အောက်ဆီဂျင်နဲ့ အကြောဆေးတွေပေးကာ ကုသမှုခံယူဖို့လိုပါတယ်။
ကလေးက အသက်ရှူဖို့ ကြိုးစားနေရတဲ့အတွက် မစားနိုင်မသောက်နိုင် ဖြစ်နေနိုင်ပါတယ်။ အခြားအဆုတ်ရောဂါတစ်ခုခု (သို့) နှလုံးရောဂါရှိတဲ့ကလေးတွေမှာ လေပြွန်ရောင်ခြင်းက ပိုပြီးဆိုးရွားတဲ့ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

>>  ကုထုံးများ
အသက်ရှူခက်ခဲနေတဲ့ကလေးတိုင်းကို ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကလေးငယ်လေးတွေမှာပဲ အဖြစ်များတဲ့အတွက် အသက်ရှူရခက်ခဲတဲ့လက္ခဏာ တွေ့တာနဲ့ ဆရာဝန် ချက်ချင်းပြသရပါမယ်။
ကလေးက နှုတ်ခမ်းနဲ့ လက်ချောင်းတွေပြာပြီး အသက်ရှူရခက်နေပြီဆိုရင် အရေးပေါ်ကုသမှု ခံယူရပါမယ်။
ရောဂါလက္ခဏာ သက်သာစေဖို့အတွက် အောက်ဆီဂျင်နဲ့ အကြောဆေးသွင်းတာကလွဲရင် လေပြွန်ရောင်ခြင်းအတွက် သီးသန့်ကုထုံးမရှိသလို ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေကလည်း အသုံးမဝင်ပါဘူး။ ရောဂါပြင်းထန်လာရင် ဆေးရုံတင်ထားရပါမယ်။
အသက်ရှူရခက်နေတဲ့ကလေးကို မောပန်းခြင် းမဖြစ်စေဖို့အတွက် နို့ကို နည်းနည်းနဲ့ မကြာခဏတိုက်ပေးပါ။

>>  ကာကွယ်ခြင်း
တစ်ကိုယ်ရည်သန့်ရှင်းခြင်းနဲ့ လက်သန့်ရှင်းစွာထားခြင်းတို့က ရောဂါပျံ့နှံ့မှုကို ကာကွယ်နိုင်ပါတယ်။ ချောင်းဆိုး၊ အအေးမိနေတဲ့သူတွေကို ရှောင်ကြဉ်ခြင်းက ရောဂါကူးစက်နိုင်ချေကို နည်းစေပါတယ်။ ကလေးအနီးအနားမှာ ဆေးလိပ်သောက်ခြင်းက ကလေးရဲ့ဘယ်အသက်ရှူလမ်းကြောင်းရောဂါကိုမဆို ပိုဆိုးစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)