ကလေးများနဲ့ ကိုဗစ်ရောဂါ
ကိုဗစ် ကပ်ရောဂါဆိုးကြီးကြောင့် ကလေးတွေရဲ့ဘဝက ကပြောင်းကပြန်ဖြစ်ကြပါတယ်။ ကွန်ပျူတာစခရင်ကနေ စာသင်ရတာ၊ သူငယ်ချင်းတွေနဲ့တွေ့ပြီး မဆော့ရတာမျိုးတွေနဲ့ သူတို့လေးတွေရဲ့တစ်နေ့တာက အပြင်လောကနဲ့ ကင်းကွာပြီး နေထိုင်နေကြရပါတယ်။
ကိုဗစ်ကာကွယ်ဆေးကလည်း ကလေးတွေမှာ ထိုးမရတဲ့အတွက် မိဘတွေအနေနဲ့ ပူပန်နေကြမယ်ထင်ပါတယ်။ ကလေးတွေမှာ ကိုဗစ် ဖြစ်နိုင်လားဆိုရင်တော့ ကလေးသေးသေးလေးတွေ အပါအဝင် ကလေးအားလုံးမှာ ကိုဗစ်ရောဂါ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ ရောဂါပြင်းထန်မှု မရှိကြပါဘူး။ ရောဂါလက္ခဏာပြရင်လည်း ငွေ့ငွေ့ဖျားတာ၊ နုံးတာ၊ ချောင်းဆိုးတာလောက်နဲ့ပဲ သက်သာသွားလေ့ ရှိကြပါတယ်။ တချို့တလေမှာတော့ ဆိုးဆိုးရွားရွား ဖြစ်တတ်ပေမယ့် တော်တော်တော့ ရှားပါတယ်။ အထူးသဖြင့် နဂိုရောဂါအခံရှိတဲ့ကလေးတွေမှာ ပိုဆိုးတတ်ကြပါတယ်။
ကိုဗစ် ကူးစက်ခံရတဲ့ အနည်းငယ်သော ကလေးတွေမှာတော့ အသက်အန္တရာယ်ရှိလောက်တဲ့ ရောင်ရမ်းခြင်းရောဂါစု (MIS-C) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါဟာ နှလုံးနဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ရောင်ရမ်းတဲ့ရောဂါစုတစ်ခုပါ။ ဒီအခြေအနေမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဦးနှောက်၊ အရေပြား၊ မျက်လုံးနဲ့ အစာအိမ်အူလမ်းကြောင်းတွေ ရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။
Nutroplex 1
>> ဒီရောင်ရမ်းခြင်းရောဂါစု MIS-C ရဲ့ရောဂါလက္ခဏာတွေကတော့ -
● အချိန်အတန်ကြာ အဖျားမကျခြင်း
● အနီကွက်ထွက်ခြင်း
● မျက်လုံးတွေနီရဲခြင်း
● ဗိုက်အောင့်ခြင်း
● အန်ခြင်း၊ ဝမ်းသွားခြင်း
● လည်ပင်းမှာ အကျိတ်ကြီးရောင်ခြင်း
● လည်ပင်းနာခြင်း
● နှုတ်ခမ်းတွေ နီရဲအက်ကွဲခြင်း
● လျှာတွေ စတော်ဘယ်ရီလို နီရဲနေခြင်း
● ခြေတွေလက်တွေ ရောင်ခြင်း
● ပုံမှန်ထက် ဂျီနေခြင်း၊ ငိုက်နေခြင်း၊ နုံးနေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
ဒီလက္ခဏာတွေဟာ MIS-C အပြင် တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်ဖြစ်သူနဲ့ ထိတွေ့မှု ရှိ၊ မရှိနဲ့ ဒီလက္ခဏာတွေ ရှိ၊ မရှိကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။ စမ်းသပ်ကြည့်ရှုတာ၊ ကိုဗစ်စစ်တာ၊ ရောင်ရမ်းမှုတွေအတွက် သွေးဖောက်စစ်ကြည့်တာ လုပ်ဖို့လိုပါတယ်။
Nutroplex 2
ဖျားတာ ၂ - ၃ ရက်လောက် ကြာလာပြီး ဒီလက္ခဏာတွေ ပြနေပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ပိုဆိုးလာတာ ဒါမှမဟုတ် လုံးဝမသက်သာဘူးဆိုရင်လည်း အရေးပေါ်ကို ခေါ်သွားတာ၊ ဆရာဝန်နဲ့ ထပ်ပြတာမျိုး ပြုလုပ်ပေးပါ။
ရောင်ရမ်းတာကိုချဖို့နဲ့ ထိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထောက်ပံ့ပေးဖို့ ကုသမှုတွေလုပ်ဖို့ လိုပါတယ်။ သေဆုံးမှုတချို့တလေရှိပေမယ့်လည်း အချိန်မီကုသနိုင်ရင် ကောင်းတာ ပိုများပါတယ်။
လေ့လာမှုတွေအရ ဒီရောဂါစုဖြစ်တဲ့ ကလေးတွေမှာ တစ်ကိုယ်လုံး ရောင်ရမ်းမှုတွေဖြစ်ပြီးတော့ အများစုမှာ အစာအိမ်နဲ့အူလမ်းကြောင်း၊ ကျောက်ကပ်၊ နှလုံး စတာတွေကို ထိတာ၊ သွေးခဲဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆေးရုံက ဆင်းသွားပြီး ၆ လအကြာမှာ ဒီကလေးတွေ အများစုဟာ အားလုံးပြန်ကောင်းနေပြီး ကိုယ်အင်္ဂါတွေ ထိခိုက်မှုလည်း မရှိတော့တာကို တွေ့ရပါတယ်။ သုံးပုံတစ်ပုံလောက်မှာတော့ နုံးတာ၊ ကြွက်သားတွေ အားနည်းတာ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲဖြစ်တာတွေ ကြုံကြရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















