ကလေးများ ဆော့ကစားရာမှ ရရှိသောဒဏ်ရာများကို ကုသခြင်း
ကလေးငယ်များသည် အလွန်ကစားမက်ကြသောကြောင့် ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်လွှဲရန်မှာမူမဖြစ်နိုင်ပေ။ အနည်းငယ်ထိခိုက်ဒဏ်ရာရပါက မည်ကဲ့သို့ပြုလုပ်ရမည်နှင့် မည်သည့်အချိန်တွင် ဆရာဝန်နှင့်ပြသရန်လိုအပ်သည်ကို သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။
1. ပြတ်ရှခြင်း
အကယ်၍ဒဏ်ရာနည်းပါက ၎င်းနေရာကို ရေဆေး၍ အရက်ပြန်လိမ်းပြီး ပိုးသန့်ဆေး (ဥပမာ - Betadine) တစ်ခုခုလိမ်းထားပေးပါ။ ဒဏ်ရာနက်ပါက ဆပ်ပြာအပျော့စားနှင့် ငါးမိနစ်ခန့်ဆေးပါ။ အရက်ပြန်ဖြင့် သုတ်ပါ။ ဝါဂွမ်း (သို့) သန့်ရှင်းသောအဝတ်စဖြင့် ငါးမိနစ်ခန့်ဖိ၍အုပ်ထားပေးပါ။ ဖြစ်နိုင်လျှင်၎င်းနေရာကိုမြှောက်ထားပေးပါ။ 10 မိနစ်ကြာသည်အထိ သွေးမတိတ်လျှင်သော်လည်းကောင်း၊ အနာထဲတွင် အမှုန်အမွှားများ ဝင်နေလျှင်သော်လည်းကောင်း အကူအညီရယူပါ။
2. အရိုးကျိုးခြင်း
ထိခိုက်ဒဏ်ရာရသောအချိန်တွင် အရိုးကျိုးသံကြားခြင်း၊ ရောင်ရမ်းခြင်း၊ အရေပြားစုတ်ပြဲသွားခြင်း၊ လှုပ်ရှားလျှင် (သို့) ထိလျှင် နာကျင်ခြင်း စသည့်လက္ခဏာများရှိပါက အရိုးကျိုးခြင်းဖြစ်နိုင်ပါသည်။ အ၀တ်အစားများကိုဖယ်၍ ရေခဲကပ်ပေးပါ။ ခြေထောက်ကိုလုံး၀မလှုပ်ပါနှင့်။ ပစ္စည်းတစ်ခုခုကိုအသုံးပြု၍ ခြေထောက်ကိုဆန့်တန်းစေရန်စည်းနှောင်ထားပေးပါ။
ဆရာဝန်ထံချက်ချင်းသွားပါ။ ဦးခေါင်း၊ ကျော (သို့) လည်ပင်းကိုထိခိုက်ထားသည့်အပြင် ပြင်းထန်သည်ဟုယူဆပါက (သို့) အရေပြားကိုဖောက်၍ အရိုးငေါထွက်နေပါက ကလေးကိုနေရာ လုံးဝမရွှေ့ဘဲ အရေးပေါ်လူနာတင်ယာဉ်ခေါ်ပါ။
3. အရည်ကြည်ဖုများ
အရည်ကြည်ဖုများကို မဖောက်ပါနှင့်။ ဆပ်ပြာပျော့ပျော့နှင့်ဖြေးညင်းစွာဆေး၍ ပိုးသတ်လိမ်းဆေးများကိုလိမ်းထားပေးပါ။ ပိုးမဝင်စေရန် ၎င်းနေရာကို ဝါဂွမ်းဖြင့်အုပ်၍ တိတ်ကပ်ထားပေးပါ။ အနာကျက်သည်အထိ တစ်နေ့တစ်ကြိမ်မှန်မှန်လဲလှယ်ပေးပါ။
4. ဆူးစူးခြင်း
တိတ်ကပ်၍လည်းကောင်း၊ ဇာဂနာနှင့်သော်လည်းကောင်း၊ ပိုးသတ်ထားသောအပ်ဖြင့်သော်လည်းကောင်းဆွဲထုတ်ပါ။ အကယ်၍ထုတ်ပြီးပါက ၎င်းနေရာကို ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးကြောပါ။ ထို့နောက် အရက်ပြန်ဖြင့် ဆေးပါ။
အနာပိုးဝင်သည်ဟုထင်ပါက ရောင်လာခြင်း (ပြည်တည်လာခြင်း) ကလေးအထူးကုဆရာ၀န်နှင့်ချက်ချင်း သွားရောက်ပြသပါ။ ဆူးကိုသင်ကိုယ်တိုင် မဖယ်ထုတ်နိုင်ပါက (သို့) ကျိုးသွားပါကလည်း ဆေးရုံ၊ ဆေးခန်းသွားပါ။
5. နှုတ်ခမ်းကွဲခြင်း
သန့်ရှင်းသောအ၀တ်ဖြင့် သွေးတိတ်စေရန် 10 မိနစ်ခန့်ဖိထားပေးပါ။ ရေ၊ ဆပ်ပြာပျော့ပျော့တို့နှင့် ဒဏ်ရာကိုဆေးကြောပေးပါ။ 10 မိနစ်ကြာသည်အထိ သွေးမတိတ်လျှင်သော်လည်းကောင်း၊ အနာချုပ်ရန်လိုလျှင်လည်းကောင်း၊ အနာညစ်ပတ်လျှင်သော်လည်းကောင်း ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။
6. နှာခေါင်းသွေးထွက်ခြင်း
ကလေးကိုထိုင်ခိုင်း၍ ခန္ဓာကိုယ်ကိုရှေ့သို့ကုန်းခိုင်းပါ။ (လည်ချောင်းတွင်းသို့ သွေးများမစီးဆင်းစေရန် ဖြစ်သည်)။ တစ်သျှူး (သို့) အ၀တ်အစိုဖြင့် နှာခေါင်း၏ထပ်ဖျားကို လက်မနှင့်လက်ညှိုးဖြင့် ဖိထားပေးပါ။ 5 မိနစ်ကြာမှ သွေးထွက်/မထွက်ကို ပြန်စစ်ဆေးပါ။ လိုအပ်ပါက နောက်ထပ် 10 မိနစ်ထပ်၍ ဖိထားပေးပါ။
မိနစ် 20 ကြာသည်အထိ သွေးမတိတ်ပါက (သို့) ကော်ဖီတစ်ခွက်ခန့် သွေးများထွက်လာပါက အရေးပေါ်သို့ ချက်ချင်းသွားပါ။
7. မျက်လုံးရောင်ခြင်း
10 မိနစ်မှ မိနစ် 20 ခန့်ထိ ရေခဲကပ်ပေးပါ။ မျက်ခွံပေါ်သို့ ရေခဲကိုတိုက်ရိုက်မကပ်ပါနှင့်။ အ၀တ်ခံပြီးမှကပ်ပါ။ ထို့ပြင် မျက်လုံးနားတစ်ဝိုက်ကို ဓာတုပစ္စည်းများကပ်ခြင်းကိုလည်း ရှောင်ကြဉ်ပါ။ လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
8. ခြေကျင်း၀တ်ခေါက်လဲခြင်း
အနားယူခြင်း (Rest) ၊ ရေခဲကပ်ခြင်း (Ice) ၊ ဖိထားခြင်း (Compression) ၊ မြှောက်ထားခြင်း (Elevation) ဟုခေါ်သော RICE နည်းလမ်းကိုအသုံးပြုပေးပါ။ ထိခိုက်ထားသောခြေကျင်း၀တ်ကို အနားပေးထားပါ။ ရေခဲကို မိနစ် 20 ခြားတစ်ခါကပ်ပေးပါ။ အရောင်ကျစေရန် ခြေကျင်း၀တ်ကို ပတ်တီးစည်း၍ခြေထောက်ကိုမြှောက်ထားပါ။
ကလေးငယ်သည် လမ်းမလျှောက်နိုင်ပါက (သို့) 6 ပတ်ကြာသည်အထိနာနေပါက ဆရာဝန်နှင့်ပြသပါ။ (ပုံမှန်ပြန်ကောင်းသောအချိန် - 2 ပတ်)
9. အပူလောင်ခြင်း
ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့နှင့်ဆေးကြောပါ။ ရေခဲ (သို့) ရေခဲရေတို့ဖြင့်မထိပါစေနှင့်။ အညစ်အကြေးများကိုဖယ်ရှား၍ ပိုးသတ်ဆေးလိမ်းပြီး ဂွမ်းပတ်တီးများဖြင့်အုပ်ထားပေးပါ။ ဂရုပြုရန်မှာ မီးလောင်ဒဏ်ရာပေါ်တွင် မကပ်နေစေရန်ဖြစ်ပါသည်။ လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများတိုက်နိုင်ပါသည်။ အနာကျက်/မကျက်ကို နေ့စဉ်စစ်ဆေးပါ။ အနာအတွင်းသို့ ပိုး၀င်သည်ဟုထင်ပါက ဆရာဝန်ထံချက်ချင်းသွားပါ။
10. သွားကျိုးခြင်း
သွားကိုပြန်ကောက်ယူ၍ (အမြစ်မှမကိုင်ပါနှင့်) အမြစ်ကိုရေဖြင့်ဆေးကြောပါ။ တစ်သျှူးစများကိုဖယ်ရှားခြင်း (သို့) ပွတ်တိုက်ခြင်းများကို မပြုလုပ်ပါနှင့်။ နွားနို့(သို့) ဆားရည်ထဲတွင်စိမ်၍ သွားဆရာ၀န်ထံချက်ချင်းသွားပါ။ ကျိုးပြီးပြီးချင်း 1 နာရီအတွင်းဆိုပါက သွားများကိုပြန်တပ်ရန် ပိုမိုလွယ်ကူပါသည်။
11. ဦးခေါင်ထိခိုက်ဒဏ်ရာရခြင်း
ကစားနေစဉ်ရလေ့ရှိသော ထိခိုက်ဒဏ်ရာရမှုအများစုမှာ မပြင်းထန်ပေ။ သို့သော်တခါတရံတွင်တော့ ပြင်းထန်သောဦးခေါင်းထိခိုက်ဒဏ်ရာရမှုများဖြစ်လေ့ရှိသည်။
ဦးနှောက်ထိခိုက်ခြင်းလက္ခဏာများတွေ့ရှိပါက (ဥပမာ- ခေါင်းကိုက်ခြင်း၊ အမြင်အာရုံေ၀ဝါးလာခြင်း၊ စကားမပြောနိုင်ခြင်း၊ ခန္ဓာကိုယ်ကိုမျှခြေအနေအထားတွင်မထိန်းနိုင်ခြင်း (သို့) မျက်လုံးသူငယ်အိမ်အကျဉ်းအကျယ်မညီခြင်း) အရေးပေါ်သို့ ချက်ချင်းသွားသင့်ပါသည်။ နောက်ကျသွားပါက ရေရှည်တွင်ဦးနှောက်ပျက်စီးခြင်းနှင့် မသန်မစွမ်းဖြစ်ခြင်းများအထိ ဖြစ်စေနိုင်ပါသည်။
Dr. Thinzar Wynn















