ကလေး သွားတိုက်ရင် တစ်ယောက်ထဲ မလွှတ်ထားနဲ့နော်
မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကလေးတွေရဲ့ ကျန်းမာရေးကနေစလို့ အစားအသောက်၊ အအိပ်အနေ၊ ကြီးထွားမှုမှတ်တိုင်၊ ကျောင်းစတက်ပြီဆိုရင် အိမ်စာတွေအတွက် အမြဲလိုလို ပူပန်နေရတာပါပဲ။ အထူးသဖြင့် ဖေဖေ၊ မေမေ အသစ်စက်စက်လေးတွေပေါ့။ တစ်ခါမှ ကလေးမထိန်းဖူး၊ ကလေးမပြုစု မပျိုးထောင်ဖူးတော့ မှန်နေရင်တောင် လုပ်သမျှ မှားတယ်ချည်း ထင်နေတတ်ကြတယ်။ ဒီလိုစိုးရိမ်မှုတွေထဲမှာ သွားကျန်းမာရေးကို အမှုမဲ့အမှတ်မဲ့ ရှိတတ်ကြတယ်။
ကမ္ဘာ့ရောဂါထိန်းသိမ်းရေးအဖွဲ့ချုပ်ကြီးက ကလေးအများစုဟာ သွားတိုက်နည်း မှားယွင်းနေကြတယ်လို့ သတင်းထုတ်ပြန်ထားတယ်နော်။ ဒါတင်မကသေးဘူး။ ကလေးတွေဟာ သွားတိုက်တော့မယ်ဆို သွားတိုက်ဆေးတွေ အများကြီး ညှစ်သုံးတတ်ကြတာကြောင့် သွားဖလိုရိုက်များခြင်းပြဿနာကို ကြုံတွေ့တတ်ကြတယ်။ ဒီလိုသွားဖလိုရိုက်များတဲ့အခါ သွားမှာအဖြူ လိုင်းကြောင်းတွေ ပေါ်လာတတ်တယ်။ သွားပေါက်စကလေးတွေမှာ ဖလိုရိုက်တွေ အများကြီး မျိုမိရင်ပေါ့။ သွားတိုက်ဆေး အများစုကလည်း သွားပိုးပေါက်တွေကို ကာကွယ်ပေးတဲ့ ဖလိုရိုက် အသုံးများကြတယ်။ အရမ်းများသွားရင်တော့ အပေါ်မှာပြောသလို အရောင်ပြောင်းလဲတာ၊ အချိုင့်တေ ပေါ်လာတာမျိုး ရှိတတ်တယ်။
ဒါပေမဲ့လည်း ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေကို ရှောင်ရမယ်လို့ ပြောတာမဟုတ်ဘူးနော်။ ဖလိုရိုက်ဆိုတာ အက်ဆစ်ဓာတ်တွေဓာတ်ကနေ သွားတွေကိုကာကွယ်ပေးပြီး သွားပိုးမစားအောင် တားဆီးပေးတာကြောင့် ကလေးတွေတင်မက လူကြီးတွေမှာပါ အရေးပါတယ်။ ပထမ အသက် ၈ နှစ်အတွင်းမှာ အသုံးများသွားရင်သာ သွားဖလိုရိုက်များ ပြဿနာဖြစ်တတ်တာပါ။ ဒါကြောင့် စောစောစီးစီးကတည်းက ကလေး သွားတိုက်တော့မယ်ဆိုရင် သွားတိုက်ဆေးပမာဏကို သေချာစောင့်ကြည့်သင့်တယ်။
>> ဘယ်လောက်ထည့်သင့်သလဲ?
ကလေးကို ကိုယ့်အားကိုယ်ကိုး ကိုယ့်ဟာကိုယ် သွားတိုက်စေလို့ရပါတယ်။ အဓိကက သွားတိုက်ဆေးပမာဏ မှန်ကန်ဖို့ပါပဲ။
● အသက် ၃ နှစ်အောက်ကလေးတွေဆို ဆန်စေ့တစ်စေ့စာထက် မပိုသင့်ဘူး။
● ၃ နှစ် နဲ့ ၆ နှစ်ကြားဆိုရင် ပဲစေ့တစ်စေ့စာလောက် ထည့်သင့်တယ်။
● ဒီ့ထက်ကြီးတဲ့ ကလေးတွေမှာတော့ သွားပွတ်တံ ထိပ်ဖျားတစ်ကြောင်းစာလောက် သုံးလို့ရပါပြီ။
>> သွားတိုက်ပုံမှန်စေဖို့ -
● အပေါ်မှာ ပြောထားတဲ့ပမာဏအတိုင်း သွားတိုက်ဆေး ထည့်ပါ။ အရမ်းငယ်တဲ့ ကလေးတွေအတွက်တော့ မေမေ? ဖေဖေတို့ ထည့်ပေးလို့ရပါတယ်။
● ပြီးရင် သွားပွတ်တံထိပ်ဖျားနဲ့ သွားနဲ့ ၄၅° လောက် အနေအထားမှာ သွားပွတ်တံကို ကိုင်ပါ။
● အဝိုင်းလိုက် ပွတ်တိုက်စေပါ။ ကြမ်းကြမ်းတမ်းတမ်းကြီး မတိုက်ပါစေနဲ့နော်။
● သွားပွတ်တံကိုလည်း အမျှင်ပျော့ပြောင်းတာမျိုးကိုသာ ဝယ်ပါစေ။
● ကလေးအများစုက သွားတိုက်ဆေးကို မျိုချတတ်ကြတယ်။ ဒီလို မမျိုချနိုင်အောင် ကလေး ခေါင်းနည်းနည်း ငုံ့ထားပြီး တိုက်ပါစေ။ ဒါမှ အောက်ကို စီးကျသွားမှာပါ။
ကလေးအများစုဟာ ၆ နှစ်၊ ရနှစ်လောက်မှာ ကိုယ့်ဟာကိုယ် သွားတိုက်တတ်လာပါပြီ။ ဒီလို ကြီးထွားမှုမှတ်တိုင်တွေကို ရောက်လာတဲ့အခါ ဝမ်းသာတတ်ကြပေမယ့် ကလေး သွားတိုက်ပုံ မှန်၊ မမှန် သေချာစောင့်ကြည့်ဖို့လိုတယ်။ နားလည်နေတဲ့အရွယ်မျိုး ရောက်လာရင်တော့ သွားတိုက်တိုင်း ရပ်ကြည့်နေတာထက်စာရင် ဘယ်လိုဘယ်လို တိုက်ရမယ်ဆိုတာကို သေချာရှင်းပြထားဖို့လိုတယ်။ နောက်ပိုင်း တိုက်တာမှန်လာရင် စောင့်ကြည့်စရာမလိုတော့ဘဲ ဖေဖေ၊ မေမေတို့လည်း အလုပ်တစ်ခု လျော့တာပေါ့။
Dr. Mya Phoo Ngon (www.drmyanmar.com)















