ကျောင်းနေအရွယ်ကလေးများနဲ့ အဖြစ်များတဲ့ အရေပြားရောဂါ
ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များတဲ့ရောဂါတွေထဲမှာ Impetigo လို့ခေါ်တဲ့ အရေပြားယားနာတစ်မျိုးလည်း ပါဝင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ပြည်တည်နာအနေနဲ့ တွေ့ရတတ်ပါတယ်။
ပြင်းထန်တဲ့ရောဂါမျိုးမဟုတ်ဘဲ ဆေးကုသမှုပေးလိုက်ပါက ရက်အနည်းငယ်အတွင်း ပျောက်ကင်းသက်သာသွားတတ်ပါတယ်။ ရောဂါကူးစက်ဖို့ကတော့ အလွန်လွယ်ကူတာကြောင့် အနာ ပိုမဆိုးအောင် ဂရုစိုက်ဖို့၊ အနာရှိတဲ့နေရာတွေကို သန့်ရှင်းတဲ့အဝတ်နဲ့ ဖုံးကာထားဖို့၊ အခြားကလေးများနဲ့ ဝေးဝေးနေခိုင်းဖို့ လိုအပ်ပါတယ်။
>> ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ
● Staphylococcus နဲ့ Streptococcus ဘက်တီးရီးယားတွေကြောင့် ဖြစ်ပါတယ်။
● ထိခိုက်ဒဏ်ရာရှိပြီးသား၊ အနာဖြစ်ပြီးသား အရေပြားမှာ ပိုဖြစ်ပါတယ်။ အရေပြားအကောင်းမှာလည်း ကူးစက်တတ်ပါတယ်။
● အနာကို တိုက်ရိုက်ထိခြင်းဖြင့် ကူးနိုင်သလို၊ အနာနဲ့ထိထားတဲ့ ပစ္စည်းတွေကို ထိမိခြင်းဖြင့်လည်း ကူးနိုင်ပါတယ်။
● အနာက ယားယံတဲ့အခါ ကလေးက ကုတ်လိုက်မိတာမျိုးကနေ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကိုပါ ကူးစက်သွားတတ်ပါတယ်။
● အနာရည်ထွက်နေသရွေ့ ကူးစက်နိုင်ချေရှိပြီး ပိုးသတ်ဆေးပေးပြီးနောက် (၁) ရက်အတွင်း ကူးစက်နိုင်စွမ်းကျသွားပါတယ်။
● ပူအိုက်တဲ့ရာသီတွေမှာ ပိုဖြစ်တတ်ပါတယ်။
● သန့်ရှင်းကျန်းမာတဲ့ အရေပြားမှာလည်း ဖြစ်တတ်တဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှု၊ မိဘများရဲ့ ဂရုစိုက်နိုင်မှုတို့နဲ့တော့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။
>> IMPETIGO ရဲ့ လက္ခဏာများ
● ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ ခြေ၊ လက်တွေမှာ ဖြစ်ပါတယ်။
● ကူးစက်ပြီးနောက် (၁) ရက်မှ (၃) ရက်အတွင်း အရည်ကြည်ဖု ဖြစ်လာပါတယ်။
● အရည်ကြည်ဖုလေးတွေ ထွက်လာပြီး ပေါက်သွားတဲ့အခါ အနီကွက်နဲ့ အနာဖေးအစိုများ ကျန်ခဲ့တတ်ပါတယ်။
● အနာကို အဝါရောင် (သို့) ပျားရည်ရောင် အလွှာအချပ်လေးနဲ့ ဖုံးအုပ်ထားပါတယ်။
● ပထမဆုံးထွက်တဲ့ အနာရဲ့ဘေးမှာ အနာလေးတွေ ထပ် ထပ်ထွက်လာခြင်းဖြင့် ပွားသွားတတ်ပါတယ်။
● အနာကွာတဲ့အခါ ဘေးအသားကနေ စပြီး ကွာပါတယ်။
● ယားယံခြင်း ရှိပါတယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်သလဲ?
● Impetigo မှန်း မသေချာလျှင်
● အလိုအလျောက် မသက်သာလျှင်
● ကိုယ်ပူလာလျှင်
>> အိမ်တွင် ပြုစုပေးရန်
● အနာပျောက်သည်အထိ ဆရာဝန် ညွှန်ကြားလိုက်သည့် လိမ်းဆေးကို ဆက်လိမ်းနိုင်ပါတယ်။
● 4% Chlorine (၁၂) မီလီလီတာကို ရေ (၁၀) လီတာ ရောပြီး (၁၀) မိနစ်ခန့် ရေချိုးပေးနိုင်ပါတယ်။
● အနာကို ရေနူးအောင်လုပ်၍ အနာဖေးများကို ခွာပြီး ဆေးလူးပေးပါက ပိုထိရောက်ပါတယ်။
● အနာကို ကုတ်မိပါက အနာပွားခြင်း၊ အနာရွတ်ကျန်ခြင်း၊ သွေးထွက်ခြင်းတို့ ဖြစ်နိုင်တာကြောင့် ကလေး မကုတ်မိအောင် ဂရုစိုက်ပေးပါ။ လက်သည်းများကို ညှပ်ထားပေးပါ။
● ဝတ်ပြီးသား အဝတ်အစားများကို မလျှော်ဖြစ်သေးတဲ့အခါ အဖုံးပါတဲ့ တောင်းထဲမှာ သပ်သပ်ထည့်ထားပါ။ သပ်သပ်လျှော်ပါ။
● ကလေးရဲ့ အဝတ်အစား၊ အသုံးအဆောင်များနဲ့ အရုပ်များကို ပိုးသတ်ပြီး သီးသန့်ထားပေးပါ။
● ဆေးသောက်ပြီး (၁) ရက်အကြာမှာ ကူးစက်နိုင်ချေ မရှိတော့ဘူး ဆိုပေမယ့်လည်း အနာ လုံးဝပျောက်ကင်းသည်အထိ အိမ်မှာသာ အနားယူစေသင့်ပါတယ်။
ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)















