ခါးရိုးဖောက်တယ်ဆိုတာ
ကလေးတွေ ဆေးရုံတက်ရတဲ့အခါမှာ ခါးရိုးဖောက်ပြီး စစ်ဖို့ လိုအပ်တဲ့အခြေအနေတွေ ရှိပါတယ်။ ခါးရိုးဖောက်တယ် ဆိုတာကတော့ ကလေးကို ဘေးစောင်းလေး နေခိုင်းပြီးတော့ ခါးရိုးထဲကို အပ်ရှည်ရှည်တစ်ခု ထိုးထည့်ပြီးတော့ CSF လို့ခေါ်တဲ့ ဦးနှောက်အရည်ကြည် အနည်းငယ် စုပ်ထုတ်ပြီးတော့ စစ်ဆေးတာပါ။
>> ဘယ်လိုအခြေအနေတွေမှာ ကလေးကို ခါးဆစ်ရိုးဖောက်ရမလဲ?
ကလေးမှာ ဦးနှောက်အမြှေးရောင်ရောဂါရှိရင် ခါးဆစ်ရိုးဖောက်စစ်ဖို့ လိုပါတယ်။ ရောဂါ စောစောသိမယ်ဆိုရင် ကလေးပြန်ကောင်းနိုင်ဖို့ အခြေအနေတွေ အများကြီးရှိပါတယ်။ ကလေး တကယ် ဦးနှောက်အမြှေးရောင်နေတယ်ဆိုရင် လိုအပ်တဲ့စစ်ဆေးမှုတွေနဲ့ ကုသမှုတွေကို ဆက်လုပ်ဖို့ လိုပါတယ်။
ခါးဆစ်ရိုးဖောက်ပြီး စစ်ဆေးတယ်ဆိုတာက သက်သောင့်သက်သာမရှိသလို တစ်ခါတလေမှာဆိုရင် နာလည်းနာပါတယ်။ ကလေးတွေကို ခါးဆစ်ရိုးဖောက်ဖို့ ဘေးစောင်းလေး ကွေးနေခိုင်းရင် မကြိုက်လို့ ငိုတာတွေ ရှိပါတယ်။
>> ခါးဆစ်ရိုးဖောက်ရင် ဘာဆိုးကျိုးရှိနိုင်လဲ?
ခါးဆစ်ရိုး ဖောက်စစ်တာက အန္တရာယ်ကင်းတဲ့ စစ်ဆေးမှုဖြစ်ပြီးတော့ တစ်ခါတလေဆိုရင် တစ်ခါတည်းနဲ့ လိုချင်တဲ့ CSF မရရင် နောက်တစ်ကြိမ် ပြန်ဖောက်ရတတ်ပါတယ်။ ကလေး အနည်းငယ်က ခါးဆစ်ရိုးဖောက်ပြီး နောက် တစ်ရက်၊ နှစ်ရက်လောက် ခေါင်းကိုက်၊ ခါးကိုက်တာတွေ ခံစားရနိုင်ပါတယ်။ သွေးထွက်ခြင်း၊ အာရုံကြောထိခိုက်ခြင်းစတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ မရှိသလောက် နည်းပါတယ်။
>> အိမ်မှာပြုစုစောင့်ရှောက်ခြင်း
ခါးဆစ်ရိုး ဖောက်ပြီးတဲ့အခါမှာ ပုံမှန်အတိုင်း ရေချိုးပေးလို့ရပါတယ်။ ကလေးနောက်ကျောက ခါးဆစ်ရိုး ဖောက်တဲ့နေရာမှာ ပလာစတာ (သို့) ပတ်တီး ကပ်ထားတယ်ဆိုရင် နောက်နေ့မှာ ခွာလိုက်လို့ရပါတယ်။ ကလေးက ခေါင်းကိုက်၊ ခါးကိုက်ရင် paracetamol တိုက်လို့ ရပါတယ်။
>> ခါးဆစ်ရိုးဖောက်တာနဲ့ ပတ်သက်ပြီးတော့ မိဘတွေ အမေးများတဲ့မေးခွန်းတွေ ရှိပါတယ်။
● ဖောက်နေတုန်းမှာ ကလေးကိုငြိမ်အောင် ဘယ်လိုထိန်းပေးထားမလဲ?
ကလေးကို အသက် ပုံမှန်ရှူဖို့ အားပေးပြီးတော့ ရယ်စရာလေးတွေ ပြောပြပေးပါ။ ပြီးတော့ ဘေးမှာ ကိုယ်ရှိကြောင်း အားပေးပြီးတော့ တော်ကြောင်းချီးကျူးပေးပါ။ မဖောက်ခင်မှာ ကလေးက နာမှာလားလို့မေးရင် ရိုးရိုးသားသားပဲဖြေပါ။ နည်းနည်းတော့ မသက်မသာ ဖြစ်နိုင်တယ်လို့ ပြောပြထားပါ။ ကလေးက အရမ်းစိတ်လှုပ်ရှားနေရင် ဆရာဝန်က စိတ်ငြိမ်ဖို့အတွက် ဆေးပေးပါလိမ့်မယ်။
● ခါးဆစ်ရိုးဖောက်တာ ဘယ်လောက်ကြသလဲ?
ကလေးက ပုံစံမှန်တယ်ဆိုရင် ဖောက်တာက တစ်မိနစ်၊ နှစ်မိနှစ်ပဲ ကြာပါတယ်။ ကလေးက ငြိမ်ပြီးတော့ နေတဲ့ပုံစံမှန်တယ်ဆိုရင် တစ်ခါတည်းနဲ့ အောင်မြင်နိုင်ဖို့ ပိုများပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















