ခြေချင်းဝတ်လည်ခြင်း
ကလေးတွေဆိုတာ အင်မတန် အဆော့မက်ကြတယ်နော်။ မျောက်ရှုံးအောင်လည်း ဆော့နိုင်ကြတယ်။ ဒီလိုဆော့တဲ့ မျောက်လောင်းကလေးတွေမှာ အများဆုံးဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာတွေထဲမှာ ခြေချင်းဝတ်လည်တာလည်း အပါအဝင်ပေါ့။ တကယ်တော့ ကလေးမှ တင်မဟုတ်ပါဘူး။ အခန့်မသင့်တဲ့အခါ လူကြီးတွေတောင်မှ ခြေကျင်းဝတ် လည်တတ်ပါတယ်။
ခြေချင်းဝတ်မှာ အရိုးသုံးရိုးနဲ့ အရိုးတွေကိုခိုင်ခန့်အောင် တွယ်ဆက်ပေးထားတဲ့ အရွတ်တွေရှိပါတယ်။ ဒီအရွတ်တွေဟာ ခြေချင်းဝတ် အများကြီးမလှည့်ရအောင် တားဆီးပေးထားပါတယ်။
ခြေခေါက်လဲသလိုမျိုး ခြေချင်းဝတ် ရုတ်တရက်လိမ်သွားပြီး အရွတ်တွေ ဆွဲဆန့်သလိုဖြစ်သွားတဲ့အခါ ခြေချင်းဝတ်လည်တော့တာပေါ့။ ဒီတော့ ခြေချင်းဝတ်တစ်ဝိုက်မှာ ပြဲရာဒဏ်ရာတွေ၊ သွေးထွက်ဒဏ်ရာတွေ ဖြစ်လာပါတော့တယ်။ အပြင်ကနေ ကြည့်လိုက်ရင် ခြေချင်းဝတ်နားမှာ အညိုအမည်းစွဲပြီး ရောင်နေတာကို တွေ့ရမှာပါ။ ပြေးနေရင်း၊ ခုန်နေရင်း၊ ဘတ်စကတ်ဘောတို့၊ ဘောလီဘောတို့၊ ဘောလုံးတို့ဆော့ရင်း ရုတ်တရက် လှည့်လိုက်တဲ့အချိန်မျိုးမှာ ဖြစ်တတ်ပါတယ်။
>> ခြေချင်းဝတ်လည်သွားတဲ့အခါ ...
● အရိုးဘေးပတ်ဝန်းကျင်က အသားတွေ ထိခိုက်မိတာကြောင့် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း ရောင်ရမ်းလာတာ
● ခြေချင်းဝတ် အဆစ်တစ်ဝိုက်မှာ နာကျင်နေတာ
● ၂ ရက်၊ ၃ ရက်အတွင်း အညိုအမည်းတွေ စွဲလာတာမျိုးကို တွေ့နိုင်ပါတယ်။
>> အိမ်မှာ ဘယ်လိုကုသကြမလဲ?
ကလေး ခြေချင်းဝတ်လည်သွားတဲ့အခါ အိမ်မှာပဲ RICE နည်းလမ်းနဲ့ ကုသနိုင်ပါတယ် - Rest ခြေထောက်ကို အနားယူပါ၊ Ice ရေခဲကပ်ပါ၊ Compression ပတ်တီးကြပ်ကြပ်စည်းပါ၊ Elevation ခြေထောက်ကို မြှောက်ထားပါ စတဲ့နည်းလမ်းနဲ့ ပြုစုနိုင်ပါတယ်။ ချက်ချင်းဖြစ်ဖြစ်ချင်း စလုပ်ပြီးတော့ ၂ ရက်၊ ၃ ရက်လောက် ဆက်လုပ်ပေးသင့်ပါတယ်။
● R - အနားယူပါ : ဖြစ်နေတဲ့နေရာကို ကောင်းကောင်း အနားယူပေးပြီး နာစေတတ်တဲ့ လှုပ်ရှားမှုအားလုံးကို ရှောင်ကြဉ်ပါ။ လမ်းလျှောက်ရတာ အဆင်မပြေရင် ချိုင်းထောက်ကို သုံးပါ။
● I - ရေခဲ ကပ်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ဖြစ်နေတဲ့နေရာကို ရေခဲကပ်ပါ။ အသားလောင်မှာစိုးလို့ အသားပေါ် ရေခဲတုံးကြီး တိုက်ရိုက်မတင်ပါနဲ့။ တဘက်စလို အဝတ်တစ်ခုခုနဲ့ အုပ်ပြီးကပ်ပါ။ ၂ ရက်၊ ၃ ရက်ဆက်လောက်ကို ကလေး နိုးနေချိန်မှာ ၂ နာရီကနေ ၄ နာရီခြားတစ်ခါလောက် ကပ်ပေးသင့်ပါတယ်။ ကြွပ်ကြွပ်အိတ်ထဲ ရေနဲ့ ရေခဲထည့်ပြီး ရေခဲအိတ်လုပ်ကပ်လို့လည်း ရပါတယ်။ ရေခဲတစ်ခုတည်းထက်စာရင် ကပ်ရတာ ပိုအဆင်ပြေတာပေါ့။
● C - ပတ်တီးကြပ်ကြပ်စည်းပါ။ အရမ်းကြီးတင်းပြီး သွေးအသွားအလာ နည်းသွားတဲ့အထိတော့ မတင်းစေနဲ့ပေါ့။ ခြေချင်းဝတ် အပေါ်နားလောက်ကနေ ခြေထောက်တစ်ခုလုံးကိုပါ ဖုံးအောင်စည်းပေးပါ။ ခြေချောင်းလေးတွေတော့ မပါပါစေနဲ့။
● E - ခြေထောက်မြှောက်ထားပါ။ ရောင်ရမ်းတာတွေ ပျောက်စေဖို့အတွက် ခြေထောက်ကို တတ်နိုင်သလောက် မြှောက်ထားပါ။ ဥပမာအားဖြင့် ကလေးတီဗီကြည့်နေချိန်၊ စာဖတ်နေချိန်၊ နားနေချိန်တွေမှာ ခေါင်းအုံးအဆင့်ဆင့်ခံပြီး ခြေထောက်တင်ထားတာမျိုးပေါ့။
တချို့ကလေးတွေမှာတော့ နာတာ၊ ကျင်တာ သက်သာဖို့ ဆေးအကူလိုပါတယ်။ များသောအားဖြင့်တော့ ပါရာစီတမောလောက်နဲ့ ရပါတယ်။ အရောင်နဲ့ အကိုက်အခဲပျောက်ဆေးတွေကျတော့ ကလေးတိုင်းအတွက် မသင့်တော်ဘူးလေ။ သေသေချာချာ သိချင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
ဒဏ်ဖြစ်ပြီး ၂ ရက်၊ ၃ ရက် အတွင်းမှာ -
● အပူကပ်တာကို ရှောင်ပါ။ သွေးအသွားအလာ ပိုများပြီးတော့ ရောင်တာ ပိုဆိုးလာပါလိမ့်မယ်။
● ထပ်ထိခိုက်မိတာမျိုးကို ရှောင်ပါ။ အလေးဒဏ် သိပ်မခံရအောင်ရှောင်ပြီး ဂရုတစိုက် သွားလာပါ။
● နှိပ်နယ်တာမျိုးကို ရှောင်ပါ။ သွေးအသွားအလာ များလာပြီး ရောင်ရမ်းတာကို ပိုဆိုးလာစေပါလိမ့်မယ်။
>> ခြေချင်းဝတ် လေ့ကျင့်ခန်းများ
ကလေးကို လေ့ကျင့်ခန်းလေး ဖွဖွလုပ်စေပြီး ခြေချင်းဝတ်ကလေးကို ဆန့်ပေးပါ။ အဆစ်တောင့်တင်းတာမျိုး မဖြစ်ရလေအောင် ဒဏ်ရာရရပြီးချင်း စလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း၁ကနေ လေ့ကျင့်ခန်း၄အထိ အစဉ်လိုက်လုပ်သွားပါ။ အစပိုင်းမှာ နည်းနည်းပါးပါး နာတာ၊ ကျင်တာ ရှိနိုင်ပါတယ်။ အရမ်းနာတယ်ဆိုရင်တော့ စစ်ဆေးမှုတွေ ထပ်လုပ်ဖို့လိုနေပါပြီ။ ၂ ရက်၊ ၃ ရက်လောက်ကြာလို့ နာတာ သက်သာလာပြီဆိုရင် လမ်းလျှောက်ဖို့ကို အားပေးပါ။ လှုပ်ရှားမှုက အနာကျက် မြန်ဆန်စေပါတယ်။
၁။ ခြေထောက်နဲ့ စာရေးပါ။
ခြေချင်းဝတ်ရယ်၊ ခြေဖဝါးရယ်ကိုပဲ သုံးပြီး လေထဲမှာ A-Z စာရေးပါ။
၂။ ခြေထောက် စက်ဝိုင်းလှည့်ပါ။
လေထဲမှာ ခြေချင်းဝတ်ကို စက်ဝိုင်းသဏ္ဌာန် ဝိုင်းပေးပါ။ ၁၀ မိနစ်လောက် လုပ်ပေးပါ။
၃။ ခြေထောက်ကို တွန်းပါ။
ခြေဖဝါးကိုအပေါ်အောက် ၁၀ ကြိမ်လောက် တွန်းပေးပါ။
၄-က။ ခြေသလုံးကို ကိုယ်ကိုယ်တိုင် ဆန့်တန်းပါ။
ဒူးကို လဖြောင့်နေအောင်ဆန့်ပြီး တဘက်စကို ခြေဖဝါးကနေ သိုင်းဆွဲပေးပါ။ ခြေသလုံးကြွက်သားတွေ ဆန့်တန်းလာတဲ့အထိ ဆွဲပေးပါ။ စက္ကန့် ၃၀ လောက်နဲ့ ၃ ကြိမ်လောက် လုပ်ပေးပါ။
၄-ခ။ ခြေသလုံးကြွက်သားကို ဘေးအကူနဲ့ ဆန့်တန်းပါ။
မေမေ၊ ဖေဖေတို့က ဘေးကနေ ကလေးရဲ့ဒူးလေးကို ဖြောင့်နေအောင်ထားပြီး တဘက်စကို အပေါ်မှာလိုပဲ ဆွဲပေးပါ။ စက္ကန့် ၃၀ လောက် ၃ ကြိမ်လောက် လုပ်ပေးပါ။
၁ ပတ်၊ ၂ ပတ်အတွင်း အဆစ်လည်တာ သက်သာလာပါလိမ့်မယ်။ ကလေးအသက်၊ နဂိုကျန်းမာရေးနဲ့ ထိခိုက်ဒဏ်ရာရဲ့အပြင်းအပျော့ပေါ် မူတည်ပါတယ်။
နောက်ပိုင်း ဒီလို အဆစ်ထပ်မလည်ရလေအောင် လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ သွေးပူလေ့ကျင့်ခန်း လုပ်ပါစေ။ ပြီးတော့ လုပ်မယ့်အားကစားနဲ့ ကိုက်ညီမယ့် ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင်ပါ။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ တွေ့သင့်သလဲ?
● ရက်ပိုင်းအတွင်းမှာ နာတာ မသက်သာရင်
● ထိခိုက်ဒဏ်ရာရပြီးနောက် ကလေးခြေထောက်တောင် မထောက်နိုင်ရင်
● ခြေချင်းဝတ်ကို ဖိလိုက်ရင် နာနေရင်
● ထိန်းမရအောင် နာနေရင် ဆရာဝန်နဲ့သာ ပြကြည့်ပါတော့။
လိုအပ်ရင် ဓာတ်မှန်ရိုက်ကြည့်ပြီးတော့ ကုသမှုတွေလုပ်ဖို့ လိုပါတယ်။ တောက်လျှောက်ကို မသက်သာရင်တော့ ကျောက်ပတ်တီးစည်းတာမျိုး လုပ်ဖို့ လိုနိုင်ပါတယ်။
>> နောက်ဆုံး မှတ်သွားရမယ့်အချက်တွေက -
● ခြေချင်းဝတ်လည်တာဟာ ကလေးတွေမှာ အင်မတန်အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။
● သေချာကုသမှုကို ခံယူမယ်ဆိုရင် ၂ ရက်၊ ၃ ရက်အတွင်း နာတာ သက်သာလာမှာပါ။
● ကုသနည်းတွေကတော့ RICE လို့ အတိုကောက်ခေါ်တဲ့ ကုထုံးနဲ့ လေ့ကျင့်ခန်းတွေပါ။
● ခြေချင်းဝတ် ထောက်လို့မရဘူး၊ ထိန်းမရအောင် နာနေမယ်၊ မသက်သာလာဘူးဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)













