မိဘတွေ (အထူးသဖြင့် မေမေတွေ) အလုပ်သွားတဲ့အခါမှာ ကလေးတွေ ဘာကြောင့် အသည်းအသန် ငိုကြွေးကြပါသလဲ?
မိဘတွေ အလုပ်သွားတဲ့အခါမှာ ကလေးတွေ ငိုတတ်တာ ပုံမှန်ပါပဲ။ ဒါကို ခွဲခွာခြင်းကြောင့်ဖြစ်တဲ့ စိုးရိမ်ပူပန်မှုလို့ ခေါ်ပါတယ်။ အသက် 1 နှစ်မတိုင်မီမှာ ကလေးတွေက ဒီလိုစိုးရိမ်ပူပန်မှုရဲ့ အစောပိုင်းအဆင့်ကို ကြုံတွေ့ရတတ်ကြပါတယ်။ ကလေးက အသက် 2 နှစ်အရွယ်လောက် ရောက်ပြီဆိုရင် ကမ္ဘာကြီးကို စတင်ပြီး လေ့လာဖော်ထုတ်လာပါပြီ။ ဒီအရွယ်မှာ ကလေးက ကိုယ့်အားကိုယ်ကိုးဖို့ သင်ယူနေပြီဖြစ်ပေမယ့် အမေ၊ အဖေကတော့ သူ့အတွက် အားကိုးရာ ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် မိဘတွေ အလုပ်သွားဖို့ သူတို့ကို ထားခဲ့ချိန်မှာဆိုရင် စိတ်တိုဝမ်းနည်းတတ်ပါတယ်။ ဒါကြောင့် ကလေးထိန်းကျောင်းတွေမှာဆိုရင် မိဘတွေက ကလေးထားပြီး နှုတ်ဆက်ထွက်ခွာချိန်တိုင်း မေမေ ပြန်လာမယ်နော်၊ ဖေဖေ ပြန်လာမယ်နော်လို့ ပြောပြီး နှုတ်ဆက်တဲ့အကျင့်လေးတွေ ရှိသင့်ပါတယ်။
မနက်ပိုင်းမှာ ကလေးကို အဆင်သင့် ပြင်ဆင်ပေးပြီးပြီဆိုရင် တစ်နေ့တာ အစီအစဉ်တွေအကြောင်းကို သူတို့သိနေအောင် ပြောပြပေးပါ။ ဥပမာအားဖြင့် မေမေတို့ မနက်စာ အတူစားကြမယ်နော်၊ သမီး မပျော်ဘူးလား၊ ပြီးရင် မေမေ/ဖေဖေက အလုပ်သွားရမယ်။ မေမေကတော့ အလုပ်ထဲမှာ သမီး/သားကို တစ်ချိန်လုံး လွမ်းနေမှာ၊ သတိရနေမှာ စသည်ဖြင့် ကလေးကို ပြောပြပေးပါ။ ကလေး သတိရတဲ့အချိန်တိုင်း ကြည့်နိုင်စေဖို့အတွက် ကိုယ့်ပုံလေးကလေးကို ပေးထားခဲ့ပါ။ ပြီးရင် အလုပ်ထဲမှာ နေရပေမယ့် ကလေးကို ဘယ်လောက်လွမ်းရတဲ့အကြောင်း ညနေဘက်ဆို အရမ်းတွေ့ချင်တဲ့အကြောင်း အမြဲပြောပေးပါ။ တွားသွားအရွယ်ကလေးတွေက သူတို့ကို ဂရုစိုက် အလေးထားတာကို သဘောကျတဲ့အတွက် သူတို့နဲ့အတူ မရှိနေချိန်မှာတောင် သူတို့က မိဘတွေအတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာကို ပြောပြပေးခြင်းက ကလေးတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။
ကလေးကို တာ့တာလို့ နှုတ်ဆက်ရမယ့်အချိန်မှာလည်း တဝဲလည်လည် မဖြစ်နေပါစေနဲ့။ ကလေး စိတ်မကောင်းဖြစ်နေချိန်မှာ ချော့ဖို့လိုပေမယ့် အချိန်ဆွဲနေခြင်းက ကလေးစိတ်ထိခိုက်မှုကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် ကလေးကို ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုကိုပါ တွေ့သွားပြီး သူ့ကို ပိုခံစားရစေပါတယ်။ တွေ့ဆုံခြင်း၊ ခွဲခွာခြင်းဆိုတာ ဘဝမှာ မလွဲမသွေ ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် ကလေးတွေကို ခွဲခွာတာနဲ့ ပတ်သက်ပြီး သက်သောင့်သက်သာဖြစ်အောင် သင်ထားပေးတာ အကောင်းဆုံးပါပဲ။ ကလေး ငိုမှာစိုးလို့ မမြင်အောင် ထွက်သွားမယ့်အစား ကလေးကို တာ့တာလို့ နှုတ်ဆက်နိုင်မယ့်အခွင့်အရေး ပေးသင့်ပါတယ်။ ကလေးကို ခဏပွေ့ဖက်ပြီး ဘယ်အချိန် ပြန်လာမယ်ဆိုတာကို သေချာပြောပြီး နှုတ်ဆက်ပါ။ ပြီးရင်လည်း ကလေးက မိဘကို ယုံကြည်မှုရှိစေဖို့ ကိုယ်ပြောထားတဲ့အချိန်အတိုင်း ပြန်လာပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















