မွေးရာပါ ဒေါင်းရောဂါလက္ခဏာစု (Down Syndrome)
Down Syndrome ဟာ ခရိုမိုဆုန်း 21 မှာပြဿနာဖြစ်တာကြောင့် ရရှိလာတဲ့ မွေးရာပါရောဂါ တခုဖြစ်ပါတယ်။ Down Syndrome ရှိတဲ့ကလေးကို ပြုစုပျိုးထောင်နည်းနှင့်ပတ်သက်ပြီး မိဘတွေက စိုးရိမ်ပူပန်ကြပါတယ်။ Down Syndrome နှင့် ပတ်သက်တဲ့ ဗဟုသုတတွေကိုသိထားခြင်းက မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေပြီး ပြုစုပျိုးထောင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။
Down Syndrome နဲ့ မွေးလာတဲ့ ကလေးတွေမှာ အခြားသောကလေးများနှင့် မတူဘဲ ရုပ်သွင်လက္ခဏာ ကွဲပြားမှုတွေ ရှိပါတယ်။
- မျက်နှာ၀ိုင်းပြီးပြားခြင်း၊ နောက်စေ့ပြားခြင်း
- နှာခေါင်းသေးခြင်း
- မျက်စိစောင်းနေခြင်း
- ကြွက်သားများအားပျော့နေခြင်း
- ခြေမနှင့်ခြေညိုးကြားတွင် ကြီးမားသောအကွာအေ၀းရှိခြင်း
- လက်ဝါးတွင်ကန့်လန့်စင်း 1 ခုသာပါရှိခြင်း
- အရိုးအဆစ်များလွန်စွာ ပျော့ပြောင်း၍ကွေး၍ရခြင်း
- ပါးစပ်ပေါက်သေးခြင်း
- လျှာတစ်လစ်တစ်လစ်ဖြစ်နေခြင်း စတာတွေက Down Syndrome ရဲ့လက္ခဏာတွေဖြစ်ပါတယ်။
အခြားသောကလေးတွေထက်စာရင် အသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါများနှင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားရောဂါပိုး ကူးစက်ခံနှုန်းပိုများတာကြောင့် Down Syndrome ကလေးငယ်တွေအတွက် မိခင်နို့ကိုဂရုတစိုက်နဲ့သေချာတိုက်ပေးဖို့ အထူးလိုအပ်ပါတယ်။ National Down Syndrome Society ရဲ့ ဖော်ပြချက်အရ မိခင်နို့တိုက်ကျေွးခြင်းဟာ Down Syndrome ကလေးငယ်အတွက် အောက်ပါ အကျိုးကျေးဇူးတွေရရှိနိုင်တယ် လို့သိရပါတယ်။
1. ခံတွင်းနှင့်မေးရိုးရှိ ကြွက်သားတွေကို သန်မာစေတာကြောင့် စကားပြောစွမ်းရည်တိုးတက်စေခြင်း
2. ကလေးနှင့်မိခင်အရေပြားချင်းထိတွေ့ခြင်းကြောင့် ဦးနှောက်တွင်းရှိ အာရုံကြောဆက်သွယ်မှုများတိုးတက် ကောင်းမွန်လာခြင်း
3. အစာချေစနစ်ကို ပိုမိုကောင်းမွန်စေတာကြောင့် အာဟာရစုပ်ယူနိုင်စွမ်းကို ပိုကောင်းစေခြင်း
Down Syndrome ရှိတဲ့ကလေးတွေဟာ ကြွက်သားအားနည်းပြီး တခြားသော ကလေးငယ်များထက် ပိုအိပ်တာကြောင့် မိခင်အနေဖြင့် ကလေးနို့တိုက်ချိန်နှင့်ပတ်သက်ပြီး အချိန်မှန်စေရန် ဂရုပြုသင့်ပါတယ်။
Down Syndrome ရှိတဲ့ ကလေးငယ်တွေဟာ အသက်ရှုလမ်းကြောင်းဆိုင် ရာရောဂါများ၊ နှလုံးချို့ယွင်းချက်များ၊ အစာအိမ်လမ်းကြောင်းပြဿနာများ၊ နားမကြားခြင်းနှင့် အမြင်အာရုံဆိုင်ရာပြဿနာတွေဖြစ်ဖို့ အလားအလာပိုများတာကြောင့် ကလေးငယ်ကို ငယ်ငယ်ကတည်းက ဂရုစိုက်သင့်ပါတယ်။ အစကတည်းက ကလေးငယ်ရဲ့ကျန်းမာရေးပတ်သက်ပြီး ကလေးဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးပါ။ ဗဟုသုတတွေကို ကြိုတင်လေ့လာပါ။
ဆေးကုတာအပြင် ပညာရေးဆိုင်ရာ ပိုကောင်းအောင် အထူးသင်ကြားမှုတွေပြုလုပ်နိုင်ပါတယ်။ Down Syndrome ရှိတဲ့လူတွေဟာ ရုပ်ရှင်ပိုင်းဆိုင်ရာမှာ ထူးချွန်ဆုရခဲ့တာတွေတောင် ရှိပါတယ်။
Dr. Htet Htet Aung















