ရင်သွေးလေးများရှိသော အိမ်တိုင်းတွင် ထားကိုထားရမယ့် ဆေးဝါးတွေက ဘာတွေဖြစ်မလဲ
ကလေးရှိသော အိမ်တိုင်းတွင် လိုအပ်သောပစ္စည်းများကို အပြည့်အစုံ ကြိုတင်ဝယ်ထားတတ်ကြပါတယ်။ ထိုသို့ အရေးတကြီး လိုအပ်နိုင်သောပစ္စည်းများတွင် ဆေးဝါးများလည်း အပါအဝင် ဖြစ်ပါတယ်။ လိုအပ်သောဆေးများကို အိမ်တွင် အရံသင့်ထားရှိခြင်းဖြင့် ကလေး နေမကောင်းဖြစ်ချိန်တွင် အလျင်စလို ဆေးဆိုင်ပြေးရခြင်းပြဿနာက ကင်းဝေးပါလိမ့်မယ်။
ကလေးငယ်များရှိသော အိမ်တိုင်းအတွက် မရှိမဖြစ်ထားရှိရမယ့် ဆေးများကို အောက်ပါအတိုင်း စာရင်းပြုဖော်ပြပေးလိုက်ပါတယ်။
(၁) Antihistamin ပါသောဆေးများ
Loratidine, Cetrine ကဲ့သို့သော အအေးမိ နှာစေးခြင်းနဲ့ ဓာတ်မတည့်ခြင်းများကြောင့်ဖြစ်သော နှာစေး ချောင်းဆိုးခြင်းတို့ကို သက်သာစေသောဆေးများကို ဆိုလိုပါတယ်။
(၂) ဓာတ်ဆားထုပ်များ
ဈေးကွက်တွင် ဝယ်ယူနိုင်သော BPI, Peditral စသော ဓာတ်ဆားထုပ်များကို ဆိုလိုပါတယ်။ အန်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်ပေါ်သောအခါ ရေနဲ့ ဆားဓာတ်များ ဆုံးရှုံးနို်င်တာမို့ မဖြစ်မနေ တိုက်ကျွေးရပါမယ်။
(၃) ပါရာစီတမောနဲ့ အခြားအဖျားကျဆေးများ
Biogesic, Progesic စသော ပါရာစီတမော ပါဝင်သည့် ဆေးရည်ဗူးများကို ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဖျားနာခြင်းနဲ့ ကလေးငယ်များဟာ ခွဲခြားမရတာမို့ အမြဲဆောင်ထားသင့်ပါတယ်။
(၄) ပိုးသတ်ဆေးပါသော လိမ်းဆေးများ
Neomycin ပါသော ပိုးသတ်ဆေးပါသည့် လိမ်းဆေးများကို အိမ်တွင် ဆောင်ထားသင့်ပါတယ်။ ဒဏ်ရာအနာတရဖြစ်ပါက အလွယ်တကူ လိမ်းပေးနိုင်ပါတယ်။
(၅) Saline ပါသော ဆေးရည်များ
ဆေးဆိုင်များတွင် ဆားရည်ဘူးများလို့ မေးဝယ်နိုင်ပါတယ်။ နှာပိတ်ခြင်း ဖြစ်ပေါ်တဲ့အခါ ထိုဆားရည်များကို အစက်ချခြင်းဖြင့် သက်သာစေပါတယ်။ယခုအခါ ဆေးရည်များအစား ပိုမိုကောင်းမွန်တဲ့ စပရေးဘူးများလည်း ဝယ်ယူရရှိနိုင်ပါတယ်။
ကလေး တစ်ဦးနဲ့တစ်ဦး တိုက်ကျွေးရမယ့်ပမာဏ မတူတာကြောင့် ထိုဆေးများကို အသုံးမပြုမီတွင် ကလေးဆရာဝန်ရဲ့ ညွန်ကြားချက်အရ လိုအပ်သောပမာဏကိုသာ တိုက်ကျွေးသင့်ပါတယ်။
ဆေးများကို ထားရှိရာတွင်လည်း -
● ကလေးများ လက်လှမ်းမမှီနိုင်သောနေရာတွင် ထားခြင်း
● ခြောက်သွေ့သန့်ရှင်းသောနေရာတွင် ထားခြင်း
● သက်တမ်းကုန်ဆုံးရက် (expired date) ကို သေချာဖတ်ခြင်း စသည့်အချက်များကိုပါ မမေ့လျော့သင့်ကြောင်း တင်ပြလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















