လက်သန့်ဆေးရည်ကြောင့် ကလေးတွေ အဆိပ်အတောက်မဖြစ်အောင် ကာကွယ်ကြစို့
ကိုဗစ်လူနာများ တစ်နေ့တခြား များပြားလှသော လက်ရှိအချိန်မှာ လက်သန့်ဆေးရည်ဟာ မရှိမဖြစ် အသုံးဆောင်ပစ္စည်း ဖြစ်လာပါတယ်။
လက်များကို သန့်စင်ဖို့ ရေနှင့်ဆပ်ပြာကို အသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် ဆေးကြောခြင်းဟာ အကောင်းဆုံး ဖြစ်ပေမယ့် ရေ အလွယ်တကူမရတဲ့နေရာတွေမှာတော့ အယ်ကိုဟော အနည်းဆုံး ၆၀ ရာနှုန်းပါသော လက်သန့်ဆေးရည်များက အသင့်တော်ဆုံး ဖြစ်ပါတယ်။
EC Kidz IA 1
● ဒါပေမဲ့ ကလေးရှိတဲ့ မိဘများအနေနှင့် အထူးသတိထားဖို့ကတော့ လက်သန့်ဆေးရည်ကို ကလေးများ မျိုချမိပါက အရက်ပြန်အဆိပ်သင့်နိုင်တယ်ဆိုတာပါပဲ။
● လက်သန့်ဆေးတွေဟာ အရက်ပြန်၊ အီသနော၊ အီသိုင်းအယ်ကိုဟော၊ Isopropyl alcohol တို့နှင့် ပြုလုပ်ထားပြီး လက်သန့်ဆေးအဆိပ်သင့်ပါက အိပ်ငိုက်ခြင်း၊ သွေးတွင်းအချိုဓာတ်ကျခြင်း၊ တက်ခြင်း၊ ကိုမာဝင်ခြင်းအပြင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
● အချို့လက်သန့်ဆေးတွေမှာ ဆိုးကျိုးဖြစ်စေသော မီသနောကို ထည့်သွင်းထားပါက သုံးစွဲမိသူ လူကြီးလူငယ်မရွေး အဆိပ်သင့်စေနိုင်ပါတယ်။
● မီသနောပါသော လက်သန့်ဆေးများကို အသုံးပြုပါက ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိဝါးခြင်း၊ မျက်စိကန်းခြင်း၊ တက်ခြင်း၊ ကိုမာဝင်ခြင်း၊ အာရုံကြောများ ပျက်စီးခြင်းနှင့် သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။
● ကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်ပေးဖို့ လိုအပ်သော အယ်ကိုဟောပမာဏမှာ ၆၀ ရာနှုန်းကနေ ၉၅ ရာနှုန်းအထိ ဖြစ်ပါတယ်။
EC Kidz IA 2
လူတွေ သောက်သုံးတဲ့အရက်မှာတော့ အယ်ကိုဟော ၅ ရာနှုန်းကနေ ၄၀ ရာနှုန်းအထိသာ ပါဝင်တာကို သတိချပ်သင့်ပါတယ်။
● မိဘများအနေနှင့် လက်သန့်ဆေးရည် ဝယ်တဲ့နေရာမှာ ပါဝင်ပစ္စည်းကို သေချာစစ်ဆေးဖို့ အရေးကြီးပြီး ကလေးများအား ဘေးမဖြစ်စေဖို့ ဦးစားပေး ရွေးချယ်ရမှာဖြစ်ပါတယ်။ လက်သန့်ဆေးတွေကို တတ်နိုင်သမျှ ကလေးတွေနှင့်ဝေးရာတွင် ထားသင့်ပြီး ကလေးများကိုလည်း မှန်ကန်စွာ အသုံးပြုတတ်ရန် စနစ်တကျ သင်ပေးသင့်ပါတယ်။
● ၅ နှစ်အောက်ကလေးငယ်များအား မိမိတို့မျက်စိရှေ့တွင်သာ လက်သန့်ဆေးရည်များကို အသုံးပြုစေသင့်ပါတယ်။ အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် မိမိရင်သွေးလေးများအား လက်သန့်ဆေးရည်ကြောင့် အဆိပ်အတောက်ဖြစ်ခြင်းကို ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















