လသားဘေဘီလေးတွေ ကောင်းကောင်းအိပ်ရဲ့လား
လသားအရွယ်ဘေဘီလေးတွေအနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ လိုပါတယ်။ သူတို့လေးတွေရဲ့ အိပ်ချိန်ဟာ သင့်တော်ကောင်းမွန်ပြီး လုံလောက်ပါတယ်လို့ပြောလို့ရမယ့် အိပ်ချိန်ဖြစ်မှ ကြီးပြင်းအရွယ်ရောက်တဲ့အခါ အာရုံစူးစိုက်မှုတွေ ကောင်းတဲ့ကလေးလေးတွေ ဖြစ်လာမှာပါ။
အသက် သုံးနှစ် လေးနှစ်ဆိုတာ အရာအားလုံး စတင်သင်ယူနေတဲ့အရွယ်ပါ။ ဒီလို သင်ယူနေချိန်မှာ လသားအရွယ်ကလေးဘဝမှာ ကောင်းကောင်းအိပ်ချိန် မရခဲ့တဲ့ လုံလောက်စွာကောင်းစွာမအိပ်ခဲ့ကြတဲ့ကလေးတွေဟာ အာရုံစူးစိုက်အား ညံ့ဖျင်းပြီး သင်ယူနိုင်စွမ်းလျော့ကျနေတာတွေ့ရပါတယ်။
Ceelin 1
• အိပ်ရမယ့်အချိန် အတိအကျထားပါ။ အိပ်ချိန် နောက်ကျလွန်းတာ၊ စောသွားတာတွေက ခဏခဏ နိုးစေပါတယ်။
• နေ့ခင်းမှာ ကြာကြာနဲ့ လုံလုံလောက်လောက် အိပ်ပြီးရင်လည်း ညကျ ကောင်းကောင်း မအိပ်တော့ပါဘူး။ နေ့ခင်း အိပ်ချိန်ကို သူ့အချိန်နဲ့သူ အကန့်အသတ်နဲ့ အိပ်ပါစေ။
• ပတ်ဝန်းကျင်ကို နေ့အချိန်မှာ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းအောင် ထားခြင်း၊ ညဘက်မှာ မှောင်မှောင်လေးထားခြင်းက အိပ်စက်မှုပုံစံအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။
သားသားမီးမီးလေးတွေဟာ အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေပါ။ သူတို့လေးတွေ ညဏ်ကောင်းထက်မြက်ပြီး ကောင်းကောင်းအာရုံစိုက််ပါမှ အရာဝတၳုအသစ်တွေ စကားတွေကို အပြုအမူတွေကို သွက်လက်ချက်ချာစွာသင်ယူနိုင်မှာဖြစ်ပါတယ်။
Ceelin 2
ဒီတော့ သွက်ဖို့ အာရုံစိုက်ဖို့ အကောင်းဆုံးအုတ်မြစ်ကတော့ လသားအရွယ်မှာ ကောင်းကောင်းသိပ်ဖို့ သေချာအိပ်ဖို့ပါပဲ။ အအိပ်မက်တဲ့သားသားမီးမီးတွေဟာ ပိုမိုအကြီးမြန်ကြပြီး ဖွံဖြိုး ကြီးထွားနှုန်း တက်လာကြပါတယ်။ လသားအရွယ်ဘေ ဘီလေးတွေကောင်းကောင်း အိပ်မှ သူတို့လေးတွေဟာ အာရုံစိုက်မှု ပိုကောင်းလာပြီး လောကရဲ့ အသစ်အဆန်းတွေ သူတို့တွေ့ကြုံရသမျှတွေကို ကောင်းစွာမှတ်သားလေ့လာနိုင်မှာဖြစ်ပါတယ်။
သားသားမီးမီး ညဏ်ကောင်းဖို့ လသားဘေဘီကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် သိပ်ကြပါစို့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)















