လှုပ်ရှားသွက်လက်တဲ့ ရင်သွေးလေးဖြစ်အောင် ဘယ်လိုပျိုးထောင်
ကလေး သုံးယောက်မှာ တစ်ယောက်ကပဲ လှုပ်ရှားသွက်လက်မှုအပြည့် ရှိပါသတဲ့။ ကွန်ပျူတာ၊ အင်တာနက်၊ ဂိမ်း၊ တီဗီတွေ ခေတ်စားလာတဲ့အလျောက် သူတို့လေးတွေရဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လှုပ်ရှားသွက်လက်မှုတွေ အပြင်ထွက် ကစားတာတွေ ပိုပိုပြီး အားနည်းလာတာကို တွေ့ရပါတယ်။ ဒီနည်းအားဖြင့် ရင်သွေးလေးတွေဟာ တစ်နေ့တခြား အဝလွန်လာကြတယ်လေ။
ကဲ … ရင်သွေးလေး အဝမလွန်စေဖို့ ဘယ်လိုလေးတွေ ကူညီဖေးမကြရင် ကောင်းမလဲ မေမေတို့၊ ဖေဖေတို့ရေ ...
● တကယ် စိတ်ပါလက်ပါရှိတဲ့ ကလေးဆရာဝန် အာဟာရဆရာဝန်ဟာ သားသားမီးမီးအနေနဲ့ အပြင်ထွက်ဆော့ဖို့လိုကြောင်း ဥပမာလေးတွေနဲ့ စိတ်ရှည်လက်ရှည် ပြောပြပေးနိုင်ပါလိမ့်မယ်နော်။
● သူလေးတွေ ဘယ်လိုပြင်ပလှုပ်ရှားမှု သဘောကျသလဲ မေးလိုက်ပါဦး။ စက်ဘီး စီးမလား၊ ဘောလုံး ကန်မလား မိသားစုဝင်အားလုံး ပါဝင်လို့ရရင် ပိုကောင်းတာပေါ့နော်။
● ရင်သွေးလေးရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်ညီ သင့်တော်တဲ့ အားကစားကို ရွေးချယ်ပါ၊ အသက် ၇ နှစ်ကလေးဟာ ရေကူးနိုင်၊ စက်ဘီးစီးနိုင်၊ ဘောလုံးကန်နိုင်ပြီလေ။
● ပတ်ဝန်းကျင် အနေအထား အန္တရာယ်ကင်းပါစေ။ ရင်သွေးလေးရဲ့ အဝတ်အစားကလည်း သက်သောင့်သက်သာရှိပြီး ချွေးစုပ်ရင် သူလေး သာသာသာယာ ဆော့နိုင်တာပေါ့။
● မိခင်ဖခင်ကလည်း တက်ကြွဖို့် လိုပါတယ်။ အမြဲ တီဗီရှေ့ထိုင်နေတဲ့ မေမေ၊ ဖေဖေ ဆိုရင်တော့ ကိုယ့်ကလေးကလည်း အဲလိုပုံလေးဖြစ်လာမှာ မလွဲဘူးလို့။
● ရင်သွေးလေးနဲ့အတူ ပြေးလွှားဆော့ပါ၊ ကိုယ်လည်း ဝိတ်ကျ၊ သူတို့လည်း ပျော်မယ့် အိမ်တွင်း အိမ်ပြင် ကစားနည်းလေးတွေ ဖန်တီးကြည့်ပါဦး။
● တီဗီကို ပိတ်လိုက်ပါ။ ကွန်ပျူတာကို သိမ်းလိုက်ပါ။ ခဏတော့ ဂဏှာမငြိမ် ဖြစ်နိုင်ပေမယ့် သိပ်မကြာခင် သူတို့ ထပ်ဆော့စရာ ရှာပါလိမ့်မယ်။
● ကျူရှင်ကျောင်းနဲ့ အလုပ်ရှုပ်နေတဲ့ သားသားမီးမီးတွေမှာ တကယ်ရော ကစားဖို့ အချိန်ရလို့လား။ သူတို့ကို ကစားဖို့ အချိန်သတ်မှတ်ပေးပါဦး မေမေ၊ ဖေဖေတို့ရေ။
● သိပ်ဆော့လွန်းတာလည်း မကောင်းဘူးနော်။ လိုတာထက်ပိုပြီး တက်ကြွပြီး အရမ်းဆော့နေတဲ့ သားသားမီးမီးတွေကို ကလေးအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ပါဦး။
● နောက်ပြီး ရင်သွေးလေးတွေကို အပြင်ထွက် ဆော့ကစား လှုပ်ရှားသွက်လက်စေတာ ကောင်းသလို တစ်ဖက်ကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျှတကောင်းမွန်တဲ့ အစာအုပ်စုတွေ ချက်ပြုတ်ကျွေးမွေးဖို့ လိုပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာရော လေ့ကျင့်ခန်းရော နှစ်မျိုးတွဲမှ တကယ် ထက်မြက်ကျန်းမာတဲ့ ကလေးငယ်လေးတွေအဖြစ် ကြီးပြင်းလာမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















