ဝှေးစေ့တစ်လုံး ပျောက်နေတဲ့ သားသား
ကလေးငယ်အချို့မှာ သူတို့ရဲ့ကပ္ပာယ်အိတ်ထဲမှာ ဝှေးစေ့တစ်လုံး (သို့) ၂ လုံးလုံး မတွေ့တာမျိုး ဖြစ်တတ်ပါတယ်။ ကလေးအသက် တစ်နှစ်ကျော်တဲ့အထိ ဝှေးစေ့မရှိသေးဘူး ဆိုရင်တော့ နောက်ပိုင်းမှာ မျိုးတုန်းနိုင်ချေရှိလို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ခွဲစိတ်တာပဲဖြစ်ဖြစ်၊ ဆေးပေးပြီးပဲဖြစ်ဖြစ် ကုသဖို့လိုပါတယ်။
ကလေးတွေမှာ ဝှေးစေ့က ဝမ်းဗိုက်ထဲမှာ စကြီးလာပြီးတော့ ကလေးမမွေးခင်မှာ ကပ္ပာယ်အိတ်ထဲကို ဆင်းလာရပါတယ်။ ဒါကြောင့် ပုံမှန်ဆိုရင် မွေးပြီးချိန်မှာကလေးမှာ ဝှေးစေ့ ၂ လုံးအပြည့် ရှိနေရပါတယ်။ ဒါပေမဲ့လည်း ကလေး ၁၀% လောက်မှာ မွေးလာချိန်မှာ ဝှေးစေ့ ၁ လုံး (သို့) ၂ လုံးလုံး ပျောက်နေတတ်ပါတယ်။ ဒါကတော့ ဝှေးစေ့တွေက ကပ္ပာယ်အိတ်ထဲကို ဆင်းမလာလို့ပါ။ မွေးစမှာ မပါလာရင်လည်း အများအားဖြင့် ကလေး အသက် ၆ လကနေ တစ်နှစ်အတွင်းမှာ ဝှေးစေ့က သူ့အလိုလို ဆင်းလာလေ့ရှိပါတယ်။ ၁% လောက်ကပဲ တစ်နှစ်ကျော်တဲ့အထိ ဆင်းမလာဘဲနဲ့ ဆက်ပျောက်နေတတ်ပါတယ်။
ကလေးငယ် အသက် ၅-၉ နှစ်လောက်မှာဆိုရင် ကပ္ပာယ်အိတ်ထဲက ကြွက်သားက ဝှေးစေ့ကို ဝမ်းဗိုက်ထဲကို မတင်သွားတတ်ပါတယ်။ ဒီလိုဆိုရင် မွေးတုန်းက ဝှေးစေ့နှစ်လုံး ပါပေမယ့်လည်း ဒီအရွယ်မှာ တစ်လုံး ပျောက်သွားတတ်ပါတယ်။ ဒါက အရေးမကြီးပါဘူး။ လူပျိုဖော်ဝင်လာပြီဆိုရင် ဝှေးစေ့က သူ့နေရာသူ ပြန်ကျလာပါလိမ့်မယ်။
ကပ္ပာယ်အိတ်ထဲမှာ ဝှေးစေ့တစ်လုံး ပျောက်နေတာက သုတ်ပိုးနည်းခြင်းနဲ့ ဝှေးစေ့ကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတွေမှာ ကပ္ပာယ်အိတ်ထဲမှာ ဝှေးစေ့နှစ်လုံးလုံးမရှိရင် သုတ်ပိုး မထုတ်နိုင်ဖြစ်ပြီး တစ်လုံးပျောက်ရင်တော့ သုတ်ပိုးထုတ်တာ နည်းတတ်ပါတယ်။ ကုသမှု ခံယူလိုက်ရင်တော့ သုတ်ပိုးပမာဏ သိသိသာသာ ပြန်များလာပါလိမ့်မယ်။ ဒါကြောင့် ဝှေးစေ့တစ်လုံးေ ပျာက်နေပြီဆိုရင် ကုသမှုခံယူဖို့ လိုပါတယ်။
ကုသရာမှာ ခွဲစိတ်ကုသတာနဲ့ ဆေးဝါးနဲ့ပဲ ကုသတာဆိုပြီးတော့ ၂ မျိုး ရှိပါတယ်။ အသက် ၁ နှစ်အောက် ကလေးတွေကို ခွဲစိတ်ကုသဖို့ ဆရာဝန်တွေက ညွှန်ကြားပါလိမ့်မယ်။ ခွဲစိတ်ပြီးတော့ ဝမ်းဗိုက်ထဲမှာရောက်နေတဲ့ ဝှေးစေ့ကို သူ့နေရာသူ ပြန်ထားပေးပါလိမ့်မယ်။
>> မိဘတွေအနေနဲ့ ဘာလုပ်သင့်သလဲ?
ကလေးမွေးလာကတည်းက ဝှေးစေ့တစ်လုံး ပျောက်နေတယ်ဆိုရင် အပြစ်တင်စိတ်တွေ မထားပါနဲ့ဦး။ ကလေးအသက် ၆ လလောက်အထိ စောင့်ကြည့်လိုက်ပါ။
ကလေးအသက် ၆ လကျော်ပြီးတဲ့အထိ ဝှေးစေ့တစ်လုံး ထွက်မလာသေးဘူး ဆိုရင်တော့ နောက်နေ့မှာ ဆရာဝန် သွားပြလိုက်ပါ။ အရမ်းအရေးပေါ်သွားပြဖို့ မလိုပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)













