/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့-တကယ်လိုအပ်တာဘာလဲ

သားသားမီးမီးတို့ တကယ်လိုအပ်တာဘာလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          မိဘတိုင်းကတော့ သားသမီးတွေကို လိုအပ်သမျှအစွမ်းကုန်ဖြည့်ဆည်းပေးချင်ကြတာ ဓမ္မတာပါပဲ။ အကျႌလှလှ၊ အရုပ်လေးတွေ၊ ကစားစရာတွေ၊ ဗီဒီယိုဂိမ်းတွေအပြင် သားတို့်သမီးတို့ တကယ်လိုအပ်တာ ဘာလဲလို့ သိချင်ကြမှာပဲနော်

          မိဘနဲ့အတူရှိချိန်မှာ စိတ်သက်သာပြီး ပျော်နေကြတာလေးတွေ တွေ့ဖူးကြမှာပဲ။ မိဘကပေးတဲ့ လုံခြုံစိတ်ချရမှု ခံစားချက်ကို သူတို့သိပ်နှစ်သက်တယ်လေ။

          မိဘနှစ်ပါးအတူ ချစ်ချစ်ခင်ခင်ရှိနေပေးတာ၊ မိသားစုလေးက ဆင်းရဲချမ်းသာအသာထားလို့ ညီအကိုမောင်နှမချစ်ချစ်ခင်ခင်ဥမကွဲသိုက်မပျက်နေထိုင်နေကြတာကို မြင်ရတဲ့ခံစားမှုလေး ပေးတာဟာ ကလေးတွေကို သိပ်ကိုသက်တောင့်သက်သာဖြစ်စေပါတယ်။

          အမှားကတော့ လူကြီးတွေတောင်မကင်းနိုင်တဲ့အချိ်န်မှာ အမှားတွေအတွက် ကလေးတွေကို အပြစ်တင်တာတွေ မလုပ်သင့်ပါဘူး။ အမှားလုပ်ခွင့်ပေးပါ။ သူတို့ကြိုးစားကြည့်လို့ ဘာအကျိူးရလဒ်ထွက်ထွက် နားလည်ပေးစေလိုပါတယ်။

          ချစ်ခင်နှစ်သက်မှုကို အခါအားလျော်စွာပြသပါ။ ကျွန်မတို့အိမ်က တူမလေးဆိုရင် အမြဲထွေးပွေ့နမ်းရှုံတာကို သူသိပ်သဘောကျပါတယ်။ သူ့ကိုစကားနားထောင်စေချင်ရင် အသာလေးပွေ့ဖက်ပြီး ဖြစ်စေချင်တာကို ညင်ညင်သာသာပြောပေးလိုက်တာဟာ ကိုယ့်စကားနားထောင်ဖို့ တကယ်ထိရောက်ပါတယ်။ တိကျရှင်းလင်းတဲ့ စကားလုံးတွေသုံးပါ။ လေးငါးခွန်းပြောနေပြီး အဓိပ္ပါယ်မပေါက်တာမျိူး လူကြီးတွေမှာတောင် ရှိသေးတာပါပဲ။

          ပညာရေးကို တတ်နိုင်သလောက် အားပေးပါ။ မိဘဆရာပူးပေါင်းပါ။ မိဘက ပညာရေးကို စိတ်မဝင်စားရင် ကလေးတွေကိုလည်း သိပ်တော်လာဖို့ မမျှော်လင့်ပါနဲ့။ ကလေးအတွက် မိဘဟာ အရိပ်ပမာဖြစ်ပါတယ်။

          ကလေးတွေကို ကလေးဖြစ်ခွင့်ပေးပါတဲ့။ ဘာလို့ဒီလိုပြောရလဲဆိုတော့ စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေလမ်းညွှန်မှုတွေနဲ့ သူတို့ကို လူကြီးဖြစ်လာအောင် ထိန်းသိမ်းစောင့်ရှောက်ပေးသွားရမှာ မိဘတွေပါ။ သူတို့ဘာသာ လူကြီးဖြစ်ခွင့်မပေးပါနဲ့။ ကိုယ့်သွန်သင်မှုအောက်မှာပဲ အလိုက်သင့်လေးကြီးပြင်းလာပါစေ။

          နောက်ဆုံးအနေနဲ့ ကလေးတွေရဲ့ ကလေးဘဝသာယာဖို့ အုပ်ထိန်းသူမိဘအဘိုးအဘွားနဲ့မိသားတစ်စုလုံး ပူးပေါင်းကူညီပေးရပါမယ်။ သူတို့တွေ သင်ယူရမယ့် အားကိုးမှု၊ လေးစားမှု၊ ချစ်ခြင်းမေတ္တာနဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အတူနေမိသားစုတွေက စံပြပုဂ္ဂိုလ်ဖြစ်ပေးဖို့လိုပါကြောင်း လမ်းညွှန်တင်ပြပေးပါရစေ။

 

ဂျီပီငှက် (ဆေး/ မန်း) (www.drmyanmar.com)