သားသားမီးမီးတို့ ထူးချွန်ထက်မြက်အောင် မိဘတွေဘက်က ဘယ်လိုပံ့ပိုးပေးကြမလဲ
ထူးချွန်ထက်မြက်တဲ့ကလေးဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ဆိုတာ မေမေတို့ထင်တာထက်ပိုပြီး လွယ်ကူရိုးရှင်းပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေအတိုင်းသာ လုပ်ဆောင်ကြည့်ဖို့ကို အကြံပြုချင်ပါတယ်။
● ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ မေမေတို့ကိုယ်တိုင်က ကိုယ်၊ စိတ်နှစ်ပါးလုံး ကျန်းမာနေမှသာ သားသားမီးမီးတို့ကို ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။
● ချစ်တာကိုချစ်ကြောင်း ပြသပေးပါ။ ကလေးကို နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။ ကလေးအပေါ် ကြင်နာပြီး စိတ်ရှည်ရှည်ထားပေးပါ။ မိဘတွေက သူ့ကို ချစ်ခင်တယ်ဆိုတာကို ကလေးအနေနဲ့ ဒီအပြုအမူတွေကနေတစ်ဆင့် သိနိုင်ပါတယ်။
● ကလေး မေးသမျှကို သေချာနားထောင်ပြီး ပြန်လည်ဖြေကြားပေးပါ။ ဒါဟာ ကလေးရဲ့သိချင်စိတ်၊ စူးစမ်းချင်စိတ်ကို မြေတောင်မြှောက်ပေးတာနဲ့ အတူတူပါပဲ။
Nutroplex 1
● ကလေးနဲ့အတူ ကစားပေးပါ။ ကိုယ်လက်လှုပ်ရှားပြီး ကစားရတာပဲဖြစ်ဖြစ်၊ ပဟေဠိဆက်တာလို၊ ကုဗတုံးတွေနဲ့ အိမ်ဆောက်တာလို ငြိမ်ငြိမ်လေးထိုင်ပြီး ကစားရတာပဲဖြစ်ဖြစ် နှစ်မျိုးစလုံးဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါပါတယ်။
● ကလေးအနေနဲ့ တစ်စုံတစ်ခုကို စိတ်ဝင်စားရင် အဲ့ဒါနဲ့ပတ်သက်ပြီး ပိုမိုလေ့လာသင်ယူနိုင်အောင် အခွင့်အရေးတွေ ဖန်တီးပေးပါ။
● ဘဝမှာ အောင်မြင်ဖို့ဆိုရင် IQ ထက် EQ က ပိုပြီးအရေးပါတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ကလေးရဲ့စိတ်ခံစားချက်တွေကို ကိုယ်တိုင်ထိန်းချုပ်တတ်အောင် သင်ကြားပေးပါ။
● အာဟာရစုံလင်အောင် ကျွေးခြင်း၊ အိပ်ရေးဝဝအိပ်စက်စေခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်စေခြင်း၊ သဘာဝတရားနဲ့ ထိတွေ့စေခြင်းဖြင့် ကလေးရဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်ပေးပါ။
● ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြေတောင်မြှောက်ပေးပါ။ သူတို့လေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းဟာ ဘဝရဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်လာနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
Nutroplex 2
အခုဖော်ပြခဲ့တဲ့အချက်တွေကို ကလေး အသက် ဘယ်နှနှစ်ကစပြီး လုပ်ပေးရမလဲဆို မွေးဖွားပြီးချိန်ကစပြီး ကလေး ကြီးပြင်းလာတဲ့တောက်လျှောက် လုပ်သွားပေးပါ။ အကယ်၍ ကလေးက ငါးနှစ်ကျော်ပြီ (သို့) ဆယ်နှစ်ကျော်ပြီ၊ မေမေတို့က ဒီအချက်တွေကို မလုပ်ပေးမိသေးဘူးဆိုလည်း ကိစ္စမရှိပါဘူးနော်။ ဒီနေ့သိလိုက်တာနဲ့ ဒီနေ့ပဲချက်ချင်း သားသားမီးမီးတို့ကို ဖော်ပြခဲ့တဲ့နည်းလမ်းတွေအတိုင်း ဂရုစိုက်ပေးဖို့ကိုသာ မမေ့ကြပါနဲ့နော်။
Dr. Aye Hsu Mon (www.drmyanmar.com)