သွေးလွန်တုပ်ကွေးအပြင် သတိထားရမယ့် ဆင်တုပ်ကွေးရောဂါ
ဆင်တုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေဟာ သွေးလွန်တုပ်ကွေးနဲ့ သိပ်မကွာလှပါဘူး။ အများစုဟာ တစ်ပတ်၊ နှစ်ပတ်လောက်ဆို ပြန်ကောင်းတတ်ပေမယ့် ရှားရှားပါးပါး လနဲ့ချီ၊ နှစ်နဲ့ချီပြီး ရောဂါလက္ခဏာ ခံစားရတာတွေလည်း ရှိနိုင်ပါတယ်။
မုတ်သုံဝင်လာတဲ့အခါ သွေးလွန်တုပ်ကွေးအပြင် ဆင်တုပ်ကွေးဟာလည်း သားသားမီးမီးတို့အတွက် သတိထားသင့်တဲ့ ရောဂါတစ်ခုဖြစ်လာလို့ ဆင်တုပ်ကွေးအကြောင်း ဗဟုသုတလေးတွေကို ဖေဖေမေမေတို့ သိရအောင် မျှဝေပေးလိုက်ပါတယ်။
Biogesic for kids IA 1
>> ဆင်တုပ်ကွေးဆိုတာ ဘာလဲ?
Chikungunya ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ခြင်ကျားကိုက်ရာကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတစ်မျိုးပါ။
>> ဆင်တုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?
အဓိကလက္ခဏာတွေကတော့ ၄-၇ ရက်လောက်အထိ ဖျားတတ်ပြီး ကြွက်သားတွေ နာကျင်တာ၊ အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းတာ၊ အရေပြားမှာ အနီကွက်တွေ ထွက်လာတာကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်တို့ရဲ့ ထုံးစံအတိုင်း ခေါင်းကိုက်တာ၊ အစားအသောက်ပျက်တာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ နုန်းတာ၊ မျက်စိနာတာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။
>> ဆင်တုပ်ကွေးဖြစ်ရင် ဘာတွေလုပ်ပေးသင့်သလဲ?
ရောဂါလက္ခဏာတွေ သက်သာအောင်လို့ ကလေးကို ကောင်းကောင်းအနားယူစေပါ။ အိပ်ရေးဝဝအိပ်စေပါ။ အရည်များများတိုက်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကျွေးမွေးပါ။ အဖျားတက်ရင် ပါရာစီတမောပါဝင်တဲ့ အဖျားကျဆေး တိုက်ပေးပါ။
Biogesic for kids IA 2
>> ဆင်တုပ်ကွေး မကူးစက်အောင် ဘယ်လိုကာကွယ်ရမလဲ?
ခြင်ကိုက်ရာကနေတစ်ဆင့် ကူးစက်တာကြောင့် ခြင်မခိုအောင်းနိုင်အောင်၊ ခြင်မပေါက်ပွားနိုင်အောင် အိမ်ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားပါ။ ကလေးကို ခြင်ကိုက်မခံရအောင် ခြင်ဆေးလိမ်းပေးပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးပါ။ ခြင်ကျားဟာ နေ့ဘက်တွေမှာ ပိုကိုက်လေ့ရှိတဲ့ နေ့ခင်းဘက် ကလေး တရေးတမောအိပ်တဲ့အခါ ခြင်ထောင်နဲ့သိပ်ပါ။
ဆင်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးရောဂါလိုပဲ မိုးရာသီမှာ အဖြစ်များပြီးတော့ ကမ္ဘာလုံးဆိုင်ရာအနေနဲ့လည်း ဖြစ်နှုန်းမြင့်နေတဲ့ ရောဂါတစ်မျိုးပါ။ ဒါကြောင့် မိုးရာသီရောက်တိုင်း ဆင်တုပ်ကွေး ကင်းဝေးအောင်လို့ ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတို့ကို ခြင်ကိုက်မခံရအောင် သေချာလေးသတိပြုကြဖို့ တိုက်တွန်းချင်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)















