အဝလွန်နေတဲ့ကလေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုပြောင်းလဲကြမလဲ
အခုခေတ်မှာ ဖုန်းတွေ၊ ဗီဒီယိုဂိမ်းတွေနဲ့ချည်း အချိန်ကုန်နေကြတဲ့ ကလေးလေးတွေဟာ အပြင်ဘက်မှာ ပြေးလွှားဆော့ကစားမှု နည်းလာတာကြောင့် အဝလွန်တဲ့ကလေးတွေ များပြားလာပါတယ်။
ညှစ်ချင်စရာ ပါးဖောင်းဖောင်းလေး ဆိုတာဟာ ကလေးလေးဘဝမှာသာ ကောင်းပြီး ကြီးကောင်ဝင်လာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ကလေးဘဝမှာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါမှာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်လေဖြန်းတွေ ပိုဖြစ်လာနိုင်ပါသတဲ့။
ဗဟိုရောဂါဘယ ထိန်းချုပ်ရေးဌာနအရ အမေရိကန်မှာ ကလေး ၅ ယောက် ၁ ယောက်နှုန်း အဝလွန်နေတတ်ကြကြောင်း သိရပါတယ်။ သရေစာတွေ အစားများတာ၊ ဖုန်းတီဗီမျက်နှာပြင် အကြည့်များတာတွေကြောင့် ဒီနေ့ခေတ်ကလေးတွေ ကြုံတွေ့နေကျပြဿနာတစ်ခု ဖြစ်လာတာပါ။
ဒီလိုအဝလွန်နေတဲ့ ကလေးလေးတွေကို ကြီးတဲ့အထိကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေ ဖွံ့ဖြိုးဖို့ ကြိုးပမ်းသင့်ပါတယ်နော်။
အထူးသဖြင့်တော့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ဖို့ပါ။
>> ကလေး အဝလွန်နေကြောင်းကို ဘယ်လိုသိနိုင်မလဲ?
ကြီးထွားနေတဲ့ ကလေးတစ်ယောက်မှာ အဝ လွန်၊ မလွန်ကို ကြည့်ရတာ ခဲယဉ်းတာကြောင့် ကျွမ်းကျင်သူတွေနဲ့သာ ပြကြည့်ဖို့အရေးကြီးပါတယ်။
ကလေးတွေ ကြီးပြင်းလာတဲ့အခါ ဝိတ်လည်းတက်လာသလို အရပ်ကြီးလည်း ရှည်ထွက်လာရပါတယ်။ ဒီမှာ အရေးကြီးတာက တက်လာတဲ့ဝိတ်နဲ့ ရှည်လာတဲ့အရပ်က ညီမျှမှုရှိရဲ့လားပေါ့။
ဆရာဝန်၊ ဆရာမတွေနဲ့ သွားပြတဲ့အခါ ကလေးရဲ့အရပ်နဲ့ ဝိတ်ကို အချိုးချပြီး အသက်အရွယ်အလိုက် ရှိသင့်တဲ့ အတိုင်းအဆ ရှိ၊ မရှိကို တွက်ချက်ပေးပါလိမ့်မယ်။
ဒါပေမဲ့ အဝလွန်ပြဿနာမှာ ဝိတ်နဲ့အရပ်ဆိုတာ ညီမျှခြင်း တစ်ပိုင်းတစ်စသာဖြစ်ပြီး တခြားအကြောင်းအရာတွေဖြစ်တဲ့ အစားအသောက်တွေ၊ လူနေမှုဘဝတွေကိုပါ ထည့်တွက်ဖို့ လိုပါတယ်။
ကိုယ်အလေးချိန်ဆိုတဲ့ ကိန်းဂဏန်းတွေထက်စာရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူအကျင့်ကောင်းတွေကို ပိုဦးစားပေးသင့်ပါတယ်။ ဒါကြောင့် ၅ ပေါင်ကျတယ်ဆိုတဲ့ စကားထက်စာရင် တစ်ပတ်ကို ၅ ကြိမ် လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့ စကားကို ဆရာဝန်တွေက ပိုလိုလားတတ်ကြပါတယ်။
>> ဒီလိုကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ ...
၁။ မိဘတွေကိုယ်တိုင် ပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်။
မိဘတွေဟာ ကလေးတွေရဲ့ လက်ဦးဆရာဖြစ်တာမို့ မိဘတွေကိုယ်နှိုက်က ကျန်းမာတဲ့လူနေမှုဘဝကို ရှေ့ကနေဦးဆောင်ပြီး လုပ်ပြဖို့ အရေးကြီးတယ်။ ထမင်းစားတဲ့အခါ တစ်အိမ်လုံး စုဝေးပြီးတော့ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားတာမျိုး၊ ဖေဖေမေမေတို့က ဦးဆောင်ပြီးတော့ ကလေးနဲ့အတူ ဆော့ကစားတာမျိုး လုပ်ပေးဖို့လိုပါတယ်။
၂။ အိမ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ။
ကလေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ဖို့ဆိုရင် တစ်အိမ်လုံးမှာ ကျန်မားရေးနဲ့ ညီညွတ်တဲ့အစားအသောက်၊ အပြုအမူတွေ မွေးမြူဖို့ လိုတာမို့ တစ်အိမ်သားလုံး ပါဝင်ပတ်သက်ဖို့ အရေးကြီးပါတယ်နော်။
၃။ ကလေးကို ဆုချရင် အစားအသောက်ထက်စရာ တခြားတစ်ခုခုနဲ့ ဆုချပါ။
ကလေးကျောင်းက ရီပို့ကဒ်မှာ အေတွေချည်းရလို့ ဆုချချင်ရင် ပီဇာဆိုင်မှာ လိုက်ကျွေးမယ့်အစား ကစားကွင်းလိုက်ပို့တာ၊ တိရစာၧန်ရုံ လိုက်ပို့တာမျိုး ပြုလုပ်ပေးတာမျိုးပေါ့။
၄။ တစ်မိသားစုလုံး ချက်ပြုတ်ကြပါ။
ကလေးတွေဆိုတာ သူတို့ကိုယ်တိုင် ပါဝင်ချက်ပြုတ် ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို ပိုစားချင်တတ်ကြတာ သဘာဝပဲပေါ့။ တကယ်လို့ အိမ်မှာပါ စိုက်ခင်းလေး ပြုလုပ်ထားတယ်ဆိုရင် ကလေးတွေကိုပါ အသီးအနှံလေးတွေ စိုက်ပျိုးစေပြီး သူတို့စိုက်ထားတဲ့ အသီးအပွင့်လေးတွေကို ကျွေးပေးတာက စားချင်စိတ်ပို ဖြစ်ပေါ်စေနိုင်တာပေါ့နော်။
၅။ ဆေးခန်း ရက်ချိန်းတွေကို မှန်မှန်သွားပေးပါ။
ကလေးတွေကို မှန်မှန်စစ်ဆေးပေးတဲ့ ကျန်းမာရေး စစ်ဆေးမှုဆေးခန်းတွေကို မှန်မှန်သွားပြီး ကလေးကျန်းမာရေးကို စစ်ဆေးပေးဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















