အသက်ကို ရန်ရှာနိုင်တဲ့ ကြက်ညှာချောင်းဆိုး
ကြက်ညှာချောင်းဆိုးဆိုတဲ့ ရောဂါကို လူတိုင်း ကြားဖူးကြမှာပါ။ ဒီရောဂါက လူတိုင်းအသက်အရွယ်တိုင်း၊ ကာကွယ်ဆေးထိုးထားရင်တောင်မှ ဖြစ်နိုင်ပါတယ်။ ဒီရောဂါရဲ့ ထင်ရှားတဲ့လက္ခဏာတစ်ခုဖြစ်တဲ့ ချောင်းအရမ်းဆိုးပြီးတော့ အဆုံးမှာ " ဟု " ဆိုပြီး အသံမြည်ကာ ချောင်းဆိုးပြီးရင် အသက်ရှူရ အတော်ကိုခက်စေပါတယ်။
ဒီရောဂါအတွက် အကောင်းဆုံးသော ကာကွယ်နည်းကတော့ ကာကွယ်ဆေး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ အဓိပ္ပာယ်က လုံးဝမဖြစ်အောင် ကာကွယ်နိုင်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေးထိုးထားတဲ့သူမှာဖြစ်ရင် ရောဂါလက္ခဏာတွေက သိပ်မပြင်းထန်ဘဲနဲ့ မြန်မြန်ပျောက်သွားနိုင်ပါတယ်။
Atussin Kids 1

ကြက်ညှာချောင်းဆိုးနဲ့ ပတ်သက်ပြီးတော့ သိကို သိထားသင့်တဲ့အချက်တွေကို လေ့လာကြည့်ကြရအောင်။
1. ကြက်ညှာချောင်းဆိုးဆိုတာ အရမ်းကို ကူးစက်လွယ်တဲ့ရောဂါတွေထဲက တစ်ခုအပါအဝင်ပါ။
ရောဂါပျိုးချိန်ဖြစ်တဲ့ ၅-၂၁ ရက်ပြီးရင် ဒါက အရမ်းကို ကူးစက်လွယ်တဲ့ရောဂါဖြစ်ပြီးတော့ လေကတစ်ဆင့် ကူးစက်ပါတယ်။ ရောဂါရှိတဲ့သူတစ်ယောက် နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ လေထဲမှာ ပိုးတွေပျံ့နှံ့သွားပြီးတော့ ဒါကို တခြားသူတစ်ယောက်က ရှူမိရင် ကူးစက်သွားနိုင်ပါတယ်။ ချောင်းစဆိုးတဲ့အချိန်ကနေပြီးတော့ နောက်ထပ် ၃ ပတ်လောက်ကြာတဲ့အထိ တခြားသူတွေကို ရောဂါကူးနိုင်ပါတယ်။
ရောဂါကို စောစောသိရင် ပိုးသတ်ဆေးတွေနဲ့ ကုသလို့ရပြီးတော့ အိမ်သားတွေကိုလည်း ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေး ကြိုတိုက်ထားလို့ရပါတယ်။ နောက်ကျမှ သိရင်တော့ ချောင်းဆိုးတာကို ဆေးနဲ့ထိန်းဖို့ ခက်သွားပါပြီ။
2. ကြက်ညှာချောင်းဆိုးက အသက်အန္တရာယ်ပေးနိုင်ပါတယ်။
ကြက်ညှာချောင်းဆိုးဖြစ်တဲ့ ကလေးတွေမှာ တက်တာ၊ အသက်ရှူရပ်သွား၊ အဆုတ်ရောင်ပြီးတော့ သေစေနိုင်သလို ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
3. ကြက်ညှာချောင်းဆိုးကြောင့် ဆိုးတဲ့ချောင်းက ထိန်းချုပ်ရခက်ပြီးတော့ အရမ်းလည်း ပြင်းထန်ပါတယ်။
ကြက်ညှာချောင်းဆိုးကြောင့် ချောင်းဆိုးတဲ့အခါမှာ တစ်ခါဆိုးရင် ၁၅ စက္ကန့်ကနေပြီးတော့ တစ်မိနစ်လောက်အထိ ကြာပါတယ်။ ချောင်းဆိုးနေတုန်းမှာဆိုရင် ကလေးက အသက်ရှူရခက်၊ မျက်နှာတွေ၊ ကိုယ်လုံးတွေ နီရဲလာပြီးတော့ လေအလုံအလောက် မရတော့ဘဲနဲ့ ပြာလာကာ အသက်ရှူတောင် ရပ်သွားနိုင်ပါတယ်။
ရောဂါကတော့ စစချင်းမှာ အအေးမိသလိုပဲ ငွေ့ငွေ့လေး ဖျားမယ်၊ ချောင်းဆိုးမယ်၊ နောက်တစ်ပတ်လောက် ဆိုရင်တော့ ချောင်းအရမ်းဆိုးပြီးတော့ အန်မယ်၊ ပြာလာမယ်၊ နံရိုးတွေတောင် ကျိုးနိုင်တယ်၊ သွေးကြောတွေလည်း ပေါက်ကွဲ ထွက်နိုင်ပါတယ်။
Atussin Kids 2

4. ငယ်တဲ့သူတွေနဲ့ နေမကောင်းတဲ့သူတွေမှာ ကြက်ညှာချောင်းဆိုး ပိုပြီးဖြစ်နိုင်ချေ များပါတယ်။
ကြက်ညှာချောင်းဆိုး ဖြစ်၊ မဖြစ်ဆိုတာက အဆုတ်ကောင်းကောင်း ဖွံ့ဖြိုးပြီလား၊ ကိုယ်ခံအားစနစ်က ကောင်းလား စတဲ့အချက်တွေပေါ်မှာ မူတည်ပါတယ်။ ကြက်ညှာချောင်းဆိုးက အထူးသဖြင့်တော့ အသက်တစ်နှစ်အောက် ကလေးတွေမှာ အန္တရာယ်အရှိဆုံးဖြစ်ပြီးတော့ သူတို့မှာဖြစ်ပြီဆိုရင်တော့ ဆေးရုံတင်ဖို့လိုတာ များပါတယ်။ အရမ်းငယ်တဲ့သူတွေတင် မကပါဘူး၊ ကိုယ်ခံအား မကောင်းတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒီထဲမှာဆိုရင် ကင်ဆာဝေဒနာရှင်တွေ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးထားတဲ့သူတွေ၊ ပန်းနာရင်ကြပ်နဲ့ တခြားအဆုတ်ပြဿနာတွေလိုမျိုး နာတာရှည်ရောဂါရှိသူတွေမှာ အထူးဂရုစိုက်ရပါမယ်။
5. ကြက်ညှာချောင်းဆိုးအတွက် အကောင်းဆုံး ကာကွယ်နည်းကတော့ ကာကွယ်ဆေးပါ။
ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးက အန္တရာယ်မရှိဘဲနဲ့ 80-90% လောက်အထိ ထိရောက်မှုရှိပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ကိုယ်ပူ၊ ခေါင်းကိုက်၊ ပင်ပန်းနွမ်းနယ် ဖြစ်တာတွေကလည်း မပြောပလောက်ပါဘူး။ ကလေးတွေမှာဆိုရင်တော့ ငါးမျိုးစပ် ကာကွယ်ဆေးအနေနဲ့ အသက် ၂ လ၊ ၄ လ၊ ၆ လအရွယ်တွေမှာ ကာကွယ်ဆေးထိုးရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















