အာဟာရပြည့်၀သော အစားအသောက်များ ရွေးချယ်တတ်စေရန် ငယ်စဉ်မှစ၍ သင်ကြားပေးရန်လို
အစားအသောက်ရွေးချယ်မှုနှင့် ပတ်သက်၍ ကလေးငယ်များ ပိုမိုရင့်ကျက်စေနိုင်ဖို့ သင်ကြားပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
1. နမူနာကောင်းတစ်ခုကို ဖန်တီးခြင်း
ကလေးငယ်တွေဟာ လူကြီးတွေနဲ့ နေထိုင်စားသောက်မှုအပါအ၀င် ပတ်၀န်းကျင်ရဲ့လွှမ်းမိုးမှုဒဏ်ကို အလွယ်တကူ ခံရလေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေက ဟင်းသီးဟင်းရွက်နဲ့ သစ်သီး၀လံများ မစားသုံးပါက ကလေးငယ်ကို စားသုံးစေဖို့လည်း မျှော်လင့်လို့မရပါဘူး။
2. အချိန်တိုင်းနီးပါးကို သင်ကြားမှုများဖြင့် ကုန်ဆုံးစေခြင်း
ကလေးငယ်ကို ဈေး၀ယ်ထွက်တဲ့အခါ လိုက်ပါစေဖို့ (သို့) ခြံထွက်သီးနှံများ အရောင်းဆိုင်ကိုသွားဖို့ ခွင့်ပြုပေးသင့်ပါတယ်။ ဒါဟာ သူတို့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာ အများအပြား ရှိတယ်ဆိုတာ ပညာပေးဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေရဖို့ ဘယ်လိုဈေး၀ယ်ရမလဲဆိုတာ ပြသပေးနိုင်ပါတယ်။ ထို့ပြင် ကလေးငယ်တွေအတွက် မကြာခဏ စားသုးရန်မသင့်တော်တဲ့ အစားအစာတွေကနေလည်း အာရုံလွှဲနိုင်ပါတယ်။
ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ ကျောင်းမှာ၊ အားကစား ပြုလုပ်တဲ့နေရာမှာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အောင်မြင်မှုရနိုင်စေဖို့ ခန္ဓာကိုယ်ကို ကောင်းစွာ အထောက်အပံ့ပေးတဲ့ အစားအသောက် ရွေးချယ်မှုမျိုးကို လေ့လာသင်ယူဖို့ လိုပါတယ်။ ငယ်စဉ်ကပင် ထိုကဲ့သို့ ကောင်းမွန်တဲ့အလေ့အကျင့် ရသွားပါက အသက်ကြီးလာတဲ့အချိန်မှာလည်း ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက် ရွေးချယ်မှုကို ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။
3. သင့်တင့်မျှတစွာ စားတတ်စေရန် ကူညီပေးခြင်း
ကလေးငယ်တွေကို ပန်းကန် အတင်းဆေးခိုင်းတာမျိုးဟာ အမြဲတမ်းတော့ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဆာလောင်နေတဲ့အချိန်မှာ အစားကို ထိန်းစားခိုင်းတာ၊ ဗိုက်ပြည့်သွားတဲ့အချိန်မှာ အစာစားတာ ရပ်လိုက်တာ စတာတွေကို သင်ကြားပေးဖို့ လိုပါတယ်။ သူတို့မှာရှိတဲ့ အစားအစာမှန်သမျှကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းသင့်ပေမယ့် ပန်းကန်ဆေးခိုင်းတဲ့ ကိစ္စမျိုးကတော့ အမြဲမလိုအပ်ပါဘူး။
4. အစားအစာအသစ်များကို ကျေွးကြည့်ခြင်း
ကလေးငယ်တွေကို အစားအစာအသစ်တစ်ခု ကျေွးရတာလည်း တိုက်ပွဲတစ်ခု တိုက်ရတာနဲ့ တူပေမယ့် ခန္ဓာကိုယ်ကို အာဟာရဖြစ်စေမယ့် အစားအစာအသစ်တွေကို မြည်းစမ်းကြည့်ဖို့တော့ တတ်နိုင်သမျှ တိုက်တွန်းသင့်ပါတယ်။
ကလေးငယ်ဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ အစားအသောက်တစ်ခုခုကို စားလိုပါကလည်း ခွင့်ပြုသင့်ပါတယ်။ ဒါပေမဲ့လည်း အတိုင်းအတာတစ်ခုထိသာ စားသုံးသင့်ကြေင်းကို နားလည်အောင် ရှင်းပြပေးဖို့ လိုအပ်ပါတယ်။
5. အချိုပါ၀င်တဲ့အရည်များ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
ကလေးအများစုဟာ ဆိုဒါအချိုရည်တွေက ကျန်းမာရေးအတွက် ရွေးချယ်သင့်တဲ့အရာ မဟုတ်မှန်း သိကြပေမယ့် ခွန်အားပြည့်အချိုရည်တွေ သောက်သုံးခြင်းကို ရှောင်ရှားဖို့နဲ့ သစ်သီးဖျော်ရည်တွေကို အလွန်အကျွံ မသောက်သုံးဖို့ကိုလည်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။
သကြားအများကြီး စားသုံးခြင်းဟာ ကလေးငယ်များရဲ့ လေ့လာသင်ယူမှုကို ထိခိုက်စေ၍ စာသင်ခန်းတွင်း၌ တစ်နေ့တာလုံး တက်ကြွလန်းဆန်းမှု လွန်ကဲနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
သစ်သီးဖျော်ရည် 4 အောင်စဟာ သစ်သီးတစ်လုံးမှာပါ၀င်တဲ့ သကြားပမာဏနဲ့ အတူတူပင်ဖြစ်တာကြောင့် ကလေးငယ်တွေကို ရေများများသောက်ဖို့နဲ့ သစ်သီးကို ဒီအတိုင်းစားဖို့ လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ ထိုကဲ့သို့ စားသုံးမှုမျိုးဟာ သစ်သီးဖျော်ရည်မှ မပေးစွမ်းနိုင်တဲ့ အာဟာရဓာတ်များနဲ့ အမျှင်ဓာတ်များကို ပိုမိုရရှိစေနိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)















