အူကျွံခြင်း
ဗိုက်ကို ကာပေးထားတဲ့ ကြွက်သားတွေရဲ့ အားနည်းနေတဲ့နေရာလေးကနေပြီးတော့ အတွင်းအင်္ဂါတစ်ခုခု ကျွံထွက်လာတာကို အူကျွံတယ်လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် အရေပြားအောက်မှာ အလုံးလေး၊ အဖုလေး ပေါ်လာပါတယ်။
အူကျွံတာက နေရာအမျိုးမျိုးက ကျွံတတ်ပါတယ်။ ချက်ပတ်လည်မှာ ကျွံတာရှိသလို ပေါင်ခြံမှာ ကျွံတာလည်း ရှိပါတယ်။ ယောက်ျားလေးတွေမှာဆိုရင် ပေါင်ခြံအူကျွံရာကနေပြီးတော့ ကပ္ပာယ်အိတ်ထဲအထိ ရောက်သွားပါတယ်။ ပေါင်ခြံအူကျွံတာက အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ၈ ကြိမ် ပိုများပါတယ်။
ပေါင်ခြံမှာ အူကျွံပြီဆိုရင်တော့ ဆရာဝန်ပြဖို့ လိုပါတယ်။ တစ်ခါတလေဆိုရင် ပေါင်ခြံအူကျွံတာက အန္တရာယ်များပြီးတော့ ချက်ချင်းကုသဖို့လိုတာမျိုး ရှိပါတယ်။
>> ပေါင်ခြံအူကျွံတဲ့လက္ခဏာများ
ပေါင်ခြံရောင်တာ (သို့) ပေါင်ခြံမှာ အလုံးလေးထွက်လာတာ၊ ကပ္ပာယ်အိတ်ရောင်လာတာတွေ ဖြစ်လာပါမယ်။
● နာတာအောင့်တာ မရှိပေမယ့် နည်းနည်းလေး မသက်မသာဖြစ်တာတော့ ရှိပါမယ်။
● အလုံးလေးကို စမ်းကြည့်လိုက်ရင်ပျော့ပျော့လေးနဲ့ ချောချောမွေ့မွေ့လေး ရှိပါမယ်။
● ကလေးက လှဲလိုက်တဲ့အခါတွေမှာ အလုံးအရွယ်အစား သေးသွားတာ၊ ပျောက်သွားတာမျိုးတွေ ရှိပါလိမ့်မယ်။
● ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ တစ်ခုခုကို ညှစ်တဲ့အခါတွေမှာ အလုံးအရွယ် ကြီးလာပါမယ်။
ပေါင်ခြံမှာ အူကျွံတာက မိန်းကလေးတွေမှာဆိုရင် ညာဘက်ခြမ်းမှာဖြစ်တာ ပိုများပါတယ်။ ဒါပေမဲ့လည်း ဘယ်ဘက်ရောနှစ်ခြမ်းလုံးမှာပါ ဖြစ်နိုင်ပါတယ်။
>> အူကျွံခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ
တစ်ခါတလေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဝင်နိုင်ပါတယ်။ အူကျွံထွက်တဲ့ထဲက တစ်စိတ်တစ်ပိုင်းလောက် ကြွက်သားနံရံမှာ ပိတ်ပြီးညပ်မိနေရင် သွေးမရဘဲဖြစ်သွားပြီးတော့ အထဲလည်း ပြန်သွင်းလို့မရဘဲ ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုပါတယ်။
ကလေးမှာ အူကျွံပြီးတော့ အောက်ပါလက္ခဏာတွေတွေ့ရင် အရေးပေါ်ကုသမှုခံယူဖို့ လိုပါတယ်။
● နေလို့ထိုင်လို့မကောင်းခြင်း
● ပေါင်ခြံအောင့်ခြင်း
● ပျို့အန်ခြင်း
● ဗိုက်ကြီးဖောင်းပြီးတင်းနေခြင်း
● ကိုယ်ပူခြင်း
● အလုံးက နီလာခြင်း (သို့) ပြာနှမ်းနှမ်းဖြစ်လာခြင်း (သို့) သိသိသာသာ နာလာခြင်း
● ကလေးငိုလည်းပဲ အလုံးအရွယ်အစားမပြောင်းခြင်း
>> ဘယ်လိုဆိုရင် ဆရာဝန်ပြရမလဲ?
ကိုယ့်ကလေးမှာ ဘယ်လိုအူကျွံတာပဲရှိရှိ ဆရာဝန်ပြဖို့ လိုပါတယ်။ အူကျွံတာရဲ့ နောက်ဆက်တွဲဆိုးကျိုးလက္ခဏာတွေ တွေ့ရင်တော့ ဆေးရုံတက်ပြီး အရေးပေါ်ကုသမှုခံယူဖို့ လိုပါတယ်။
>> ဘယ်လိုကုမလဲ?
ခွဲစိတ်ကုသဖို့ လိုပါတယ်။ အများအားဖြင့်တော့ ဆေးရုံတက်စရာမလိုဘဲ ခွဲပြီး အိမ်ပြန်လို့ရပါတယ်။ ဒါပေမဲ့ -
● အရေးပေါ်ခွဲစိတ်ရတာ
● အသက် ၆ လအောက်ကလေးငယ်တွေ
● ရောဂါရှိတဲ့ကလေးတွေ
● ဘေးထွက်ဆိုးကျိုးရှိတဲ့ ကလေးတွေမှာ ဆိုရင်တော့ ဆေးရုံတက်ဖို့ လိုပါတယ်။
>> ခွဲစိတ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုး ဖြစ်တာတော့ရှားပေမယ့် ဒါတွေဖြစ်နိုင်ပါတယ်။
● ဝှေးစေ့ကို ထိခိုက်ဒဏ်ရာရသွားရင် နောက်ပိုင်းမှာ ဝှေးစေ့ငယ်သွားတတ်ပါတယ်။
● သုတ်ပိုးသယ်တဲ့ပြွန်ကို ထိခိုက်တာ ဖြစ်နိုင်ပါတယ်။
● အာရုံကြောထိသွားလို့ အနာပေါ်မှာ ထုံနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
>> ခွဲစိတ်ပြီးရင် အိမ်မှာ ဘယ်လိုပြုစုကြမလဲ?
အိမ်ပြန်ရောက်ပြီးဒီလက္ခဏာတွေတွေ့ရင် ဆေးခန်းပြန်သွားပါ။
● ကိုယ်အပူချိန် 38.5°C အထက်ဖျားခြင်း
● အနာမှာ ရောဂါပိုးဝင်ခြင်း (အနာက နီလာ၊ ရောင်လာခြင်း၊ အရည်တွေ ထွက်လာခြင်း)
>> ဘာကြောင့်ပဲဖြစ်ဖြစ်စိတ်ပူရင်
ဘယ်အချိန်မှာ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်မယ်ဆိုတာတော့ တိတိကျကျ သတ်မှတ်ထားတာမရှိပါဘူး။ ကလေးက သူ သက်သာလာရင် ပုံမှန်အတိုင်း ပြန်လှုပ်ရှားလာပါလိမ့်မယ်။ ဒါပေမဲ့လည်း ကလေးကို ၂ ပတ်လောက်အထိ ပေးမဆော့ပါနဲ့ဦး။
Dr. Mya Myo Myo Swe (www.drmyanmar.com)















