ကိုဗစ်ကာလမှာ ကိုယ်ဝန်ဆောင်များ သတိထားဖို့
ဒီလိုအချိန်မျိုးမှာ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကိုဗစ်ကြောင့် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ကလေးနဲ့ ကိုယ်ဝန်အပေါ်မှာပါ ဘေးအန္တရာယ်ဖြစ်မှာကို အများကြီး စိုးရိမ်သောက ရောက်နေကြလိမ့်မယ်လို့ ထင်ပါတယ်။
ကိုယ်ဝန်ဆောင်တွေဟာ ကိုဗစ်ဖြစ်နိုင်ခြေ ပိုများတယ်ဆိုပြီးတော့ ပြောထားတဲ့ သက်သေသာရကတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ကိုယ်ဝန်ဆောင်တွေဟာ ရောဂါဖြစ်ရင် စိုးရိမ်ရတဲ့အုပ်စုထဲမှာ ပါတဲ့အတွက်ကြောင့် ကြိုတင်ဂရုစိုက်ကာကွယ်ပေးဖို့တော့ လိုပါတယ်နော်။
>> ကိုယ်ဝန်ဆောင်တွေအနေနဲ့
● ကောင်းတဲ့ကျန်းမာရေးအလေ့အကျင့်တွေကို လုပ်ဆောင်ပေးပါ။ ဥပမာ - လက်ကို မကြာမကြာ ဆေးကြောပေးတာ၊ နှာချေချောင်းဆိုးရင် တစ်ရှူး ဒါမှမဟုတ် တံတောင်ကွေးနဲ့ အုပ်ချေ၊ ဆိုးတာမျိုးပေါ့။
● လူတွေနဲ့ ခပ်ခွာခွာနေပါ။ 4 -5 ပေလောက်ထိ ခွာနေရပါမယ်။
● တတ်နိုင်ရင်လုံး၀ အပြင်မထွက်ပါနဲ့။ မဖြစ်လို့သွားရရင်လည်း နှာခေါင်းစည်း ၂ ထပ်အုပ်ပါ။
● အမြဲတမ်း ထိတွေ့နေရတဲ့အရာတွေကို မကြာခဏ ဆေးကြော၊ ပိုးသတ်ပေးပါ။ ဥပမာ - ဖုန်းတွေ၊ ကီးဘုတ်တွေ၊ တံခါးလက်ကိုင်တွေ၊ မီးခလုတ်တွေ၊ ထိုင်ခုံတွေလိုမျိုးပေါ့။
● ကိုဗစ်လက္ခဏာ တစ်စုံတစ်ရာဖြစ်လာပြီဆိုရင် အခြားသူတွေနဲ့ ခွဲခြားနေထိုင်ပြီး ရောဂါစစ်ဆေးကြည့်ဖို့ လိုပါတယ်။
Obimin 1

>> တချို့ကိုယ်ဝန်ဆောင်တွေမှာတော့ ကိုဗစ်ဖြစ်ရင် ပိုဆိုးတတ်ကြပါတယ်။ အထူးသဖြင့် -
● အသက် ၃၅ နှစ်ထက်ကြီးတဲ့ ကိုယ်ဝန်ဆောင်တွေ
● အဝလွန်နေသူတွေ
● သွေးတိုးရှိသူတွေ
● ဆီးချိုရှိသူတွေမှာပါ။
>> ကိုဗစ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တွေမှာ -
● ဆေးရုံတက်ဖို့ ပိုလိုတတ်ခြင်း
● အထူးကြပ်မတ်ကုသဆောင်တက်ဖို့ ပိုလိုတတ်ခြင်း
● အသက်ရှူစက်တင်ဖို့ ပိုလိုတတ်ခြင်း
စတဲ့ နောက်ဆက်တွဲတွေ ကြုံရတတ်ပါတယ်။
Obimin 2

>> ကိုဗစ်ကူးစက်ခံရတဲ့မိခင်တွေရဲ့ မွေးကင်းစလေးတွေမှာလည်း -
● လမစေ့ခင် (ကိုယ်ဝန် ၃၇ ပတ်မတိုင်ခင်) မွေးဖို့ အခွင့်အလမ်း အနည်းငယ်ပိုများခြင်း
● မွေးကင်းစဆောင်တက်ဖို့ ပိုလိုတတ်ခြင်း
စတာတွေ ဖြစ်တတ်ပါတယ်။
မိခင်ဆီကနေ ကလေးဆီကို ရောဂါကူးစက်တာကို နိုင်ငံခြားမှာ အနည်းငယ်မျှတွေ့ရပေမယ့် ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ ကံကောင်းတာက ကူးစက်ခံရတဲ့ ကလေးတိုင်းနီးပါးကလည်း ကောင်းကောင်း ပြန်နာလန်ထူနိုင်တာကို တွေ့ရပါတယ်။ ပြီးတော့ မိခင်နို့ကနေ ကလေးဆီကို ကူးစက်နိုင်တယ်ဆိုတာမျိုးလည်း မတွေ့ရတဲ့အတွက် သေသေချာချာ အကာအကွယ်နဲ့ မိခင်နို့တိုက်ကျွေးလို့ ရပါတယ်။
တစ်ခုခုဖြစ်ခဲ့ရင် မပေါ့ဆဘဲ သားဖွားမီးယပ်ဆရာဝန်၊ ဆရာမ၊ သားဖွားဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးပါနော်။
ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကိုဗစ်ရောဂါဘေးမှ ကင်းဝေးပြီး ကျန်းမာသန်စွမ်းတဲ့ သားသားမီးမီးလေးတွေ မွေးဖွားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)