ကိုယ်ဝန်ဆောင်ချိန်မှာ ချောင်းဆိုးတဲ့အခါ
ကိုယ်ဝန်ဆောင်ချိန်မှာ အအေးမိလို့ (သို့) အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်လို့ ချောင်းဆိုးနိုင်ပါတယ်။ ချောင်းဆိုးတာက ကလေးကို ထိခိုက်စေနိုင်သလားဆိုတာသေချာမသိပေမယ့်လည်း ချောင်းဆိုးပျောက်အောင်ကုဖို့ကျတော့ ချောင်းဆိုးပျောက်ဆေးအနည်းငယ်ကသာ ကိုယ်ဝန်ဆောင်ချိန်မှသောက်ဖို့အန္တရာယ်ကင်းတဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာဆေးသောက်ဖို့က ပြသနာရှိပါတယ်။ ဒီတော့ အရင်ဆုံး အိမ်တွင်းကုထုံးလေးတွေနဲ့ ချောင်းဆိုးပျောက်အောင် ကြိုးစားကြည့်ရပါမယ်။ အိမ်တွင်းကုထုံးတွေနဲ့မှမသက်သာဘဲ ဆက်ဆိုးနေရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ညွှန်ကြားချက်နဲ့ဆေးသောက်ဖို့လိုပါတယ်။
အိမ်တွင်းကုထုံးများ
1. အရည်များ
ရေဓာတ်ခမ်းခြောက်ရင် ချောင်းဆိုးတာကိုပိုဆိုးစေတဲ့အတွက် အရည်များများသောက်တာက ချောင်းဆိုးသက်သာစေမယ့် သဘာဝနည်းလမ်းဖြစ်နိုင်ပါတယ်။ အရည်တွေက ချောင်းပိုဆိုးစေတဲ့အချွဲတွေကိုကျဲစေပါတယ်။ ပျားရည်နဲ့သံပုရာရည်ရောထားတဲ့ လက်ဖက်ရည်နွေးနွေးလေးက လည်ချောင်းနာချောင်းဆိုးတာကိုသက်သာစေပြီး ရေကတော့အကောင်းဆုံးပါပဲ။ တခြားအရည်တွေဆိုရင် ကြက်စွပ်ပြုတ်၊ ပူရှိန်းလက်ဖက်ရည် စတာတွေသောက်လို့ရပါတယ်။
2. စိုစွတ်မှု
ခြောက်သွေ့တဲ့လေတွေကြောင့် ချောင်းကိုပိုဆိုးစေတဲ့အတွက် အိမ်တွင်းမှာရှိတဲ့လေထုကို စိုစွတ်အောင်ထားခြင်းက ချောင်းဆိုးတဲ့အကြိမ်ရေနဲ့ လက္ခဏာတွေကို လျော့နည်းစေပါတယ်။ အိပ်ခန်းထဲကလေကိုစိုစွတ်နေစေဖို့အတွက် ညဘက်အိပ်ခန်းထဲမှာ ရေငွေ့ပေးစက်ဖွင့်ထားပါ။ ရေပူနဲ့ ကြာကြာရေချိုးတာ၊ ရေပူဖွင့်ထားပြီးတော့ အငွေ့တွေထွက်နေတဲ့အချိန်မှာ ရေချိုးခန်းထဲမှာနေတာကလည်း ယာယီသက်သာရာရစေပါတယ်
3. ချောင်းဆိုးပျောက်ဆေးများ
ချောင်းဆိုးပျောက်ဆေးအရည်၊ အခဲ၊ ငုံဆေး စတဲ့အများစုမှာ dextromethorphan ပါဝင်ပါတယ်။ 2006 ခုနှစ်မှာပြုလုပ်ခဲ့တဲ့စမ်းစစ်မှုအရ ဒီ dextromethorphan က ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ကင်းမကင်းမသေချာဘူးလို့ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ပျားရည်၊ သံပုရာရည်စတာတွေပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေးရည်ပဲသောက်တာပိုစိတ်ချရပါတယ်။ ဒါပေမယ့် ဘယ်ချောင်းဆိုးပျောက်ဆေးရည်ကိုပဲ သောက်သောက် ဆရာဝန်ညွှန်ကြားချက်မှသာ သောက်သင့်ပါတယ်။
သိမှတ်စရာအချက်များ
ကိုယ်ဝန်ဆောင်ချိန်မှာချောင်းဆိုးရင်တော့ အရည်များများသောက်တာ၊ လေထုကိုစိုစွတ်အောင်လုပ်ပေးတာ၊ ကောင်းကောင်းအနားယူတာတွေက လက္ခဏာတွေကိုသက်သာစေနိုင်ပါတယ်။ ဆေးသောက်ဖို့မဖြစ်မနေလိုလာပြီလို့ထင်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ပဲသောက်ပါ။
ကိုယ်ဝန်ပထမသုံးလပတ်မှာဆိုရင် ကလေးကိုထိနိုင်ချေအများဆုံးဖြစ်တဲ့အတွက် သတိထားရပါမယ််။ ချောင်းဆိုးပြီးဖျားရင်၊ ချောင်းဆိုးတာအရမ်းဆိုးလွန်းလို့ နာကျင်ရင်၊ အဝါရောင်၊အစိမ်းရောင်သလိပ်တွေထွက်ရင် ဆရာဝန်ချက်ချင်းပြပါ။ ချောင်းဆိုးပြီး ရင်ဘတ်အောင့်ရင် (သို့) wheezing လို့ခေါ်တဲ့အသက်ရှူတဲ့အခါအသံမြည်ရင်လည်းဆရာဝန်ချက်ချင်းသွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)
















