ကိုယ်ဝန်ဆောင်ချိန်ဟာ ဘာကြောင့် အပတ် (၄၀) ကြာမြင့်ရတာလဲ ?
ကိုယ်၀န်ပတ် 40 ၀န်းကျင်မှာ ကလေးငယ်ဟာ မိခင်၀မ်းကြာတိုက်ရဲ့ အပြင်ဘက်သို့ ရောက်ရှိလာပါတယ်။ ဒါကြောင့် 9 လ လွယ် 10 လဖွားလို့ ဆိုကြတာဖြစ်ပါတယ်။ အပတ် 40 ကျော်ချိန်တွင် ကလေးငယ်ရဲ့ ဦးခေါင်းဟာကြီးလာပြီး မွေးလမ်းကြောင်း (တနည်းအားဖြင့် တင်ပဆုံကွင်း) နှင့် မဆန့်တော့တာကြောင့် အပတ် 40 ကလေးမွေးဖွားတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ က ကောက်ချက်ချခဲ့ကြပါတယ်။
ဒါပေမဲ့ လေ့လာမှု အသစ်များအရ မိခင်က Metabolic Danger Zone ထဲ မ၀င်ခင် ကလေးမွေးဖွားရတာဖြစ်တယ်လို့ ဆိုပါတယ်။ University of Rhode Island မှ Anthropologist Dunsworth ဆိုသူက တင်ပဆုံအရွယ်အစားကြောင့် ကလေးမွေးဖွားရတယ်ဆိုတဲ့အချက်ကို လူသားများရဲ့ ကိုယ်၀န်ဆောင်ကာလနှင့် အခြားသော နို့တိုက်သတ္တဝါများနှင့် နှိုင်းယှဉ် လေ့လာပြီးနောက် မဖြစ်နိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ ဒီအချက်နဲ့စာရင် ကိုယ်၀န်ပတ်ကြာလာတာနဲ့အမျှ ကလေးငယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို မိခင်ဘက်မှ ထောက်ပံ့မပေးနိုင်တော့ဘူး ဆိုတဲ့အချက်က ပိုပြီးဖြစ်နိုင်ချေရှိတယ်လို့ Dunsworth ကဆိုပါတယ်။
မွေးကင်းစ ချင်ပန်ဇီ တကောင်ဟာ အသက် 1 လခန့်အရွယ်မှာ တွားသွားနေပေမယ့် လူသားကလေးငယ်ကတော့ 7 လကြာမှ တွားသွားနိုင်မှာ ဖြစ်ပါတယ်။ ချင်းပန်ဇီ ကလေးငယ်ကဲ့သို့ ဖွံ့ဖြိုးဖို့အတွက် 16 လကြာအောင် ကိုယ်၀န်ဆောင်ရမှာ ဖြစ်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)















