ကိုယ်ဝန်ဆောင်စဉ် မှဲ့တွေဖြစ်ပေါ်လာရခြင်း၏ နောက်ကွယ်မှအကြောင်းအရင်းများ
ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်အနှံ့အပြား (အထူးသဖြင့် ဝမ်းဗိုက်နဲ့ ရင်သားနားတစ်ဝိုက်) တွင် မှဲ့အသစ်များဖြစ်ပေါ်လေ့ရှိပါတယ်။ ရှိပြီးသားမှဲ့တွေကလည်း ပိုကြီးလာပြီး အရောင်လည်းပိုရင့်လာတတ်ပါတယ်။ ဒါဟာ ဟော်မုန်းနဲ့ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံအပြောင်းအလဲကြောင့်ဖြစ်ရတာဖြစ်ပြီး အများစုကတော့ ကင်ဆာဖြစ်ခြင်း မဟုတ်ပါဘူး။
ညီညီညာညာရှိပြီး အသစ်ဖြစ်ပေါ်လာတဲ့မှဲ့တွေဟာ ကိုယ်ဝန်ဆောင်ကာလပြီးတဲ့အချိန်မှာ ပျောက်ကွယ် သွားလေ့ရှိပါတယ်။ ဒါပေမယ့် အရွယ်အစား၊ အရောင်နဲ့ ပုံသဏ္႑ာန်ပြောင်းလဲခြင်းတွေရှိတဲ့၊ မညီညာတဲ့ မှဲ့တွေပေါက်လာပါက အရေပြားအထူးကုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ မှဲ့တွေဟာအန္တရာယ်ရှိနိုင်ပါသလဲ
မှဲ့အများစုဟာ ကင်ဆာမဟုတ်တာကြောင့် အန္တရာယ်မရှိပါဘူး။ ရှားရှားပါးပါးဖြစ်စဉ်တွေမှာတော့ အရေပြားကင်ဆာတွေထဲမှာ အလွန်ဆိုးရွားတဲ့မှဲ့ကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ မှဲ့ကင်ဆာဟာ အလျင်အမြန်ကြီးထွားတတ်တဲ့ အမဲစက်တစ်ခုဖြစ်ပါတယ်။ အသစ်ဖြစ်လာတာလည်းဖြစ်နိုင်သလို နဂိုရှိပြီးသားမှဲ့မှ ကင်ဆာပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ တခါတရံ ယားယံခြင်း၊ သွေးထွက်ခြင်း (သို့) အနီရောင်သို့ပြောင်းလဲသွားခြင်းတို့ဖြစ်နိုင်ပါတယ်။
ကင်ဆာဆဲလ်တွေဟာ အပေါ်ယံအရေပြားမှာပဲရှိသေးတဲ့ ဖြစ်ခါစအခြေအနေဆိုရင်တော့ မှဲ့ကင်ဆာကိုပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အကယ်၍ မကုသဘဲထားပါက ကင်ဆာဆဲလ်တွေဟာ အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ပြီး ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မှဲ့ကင်ဆာ၏ ရုပ်သွင်လက္ခဏာ
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည်လည်း အခြားအမျိုးသမီးများနည်းတူ တူညီသောရောဂါလက္ခဏာများကို ခံစားရလေ့ရှိပါတယ်။
1. ခန္ဓာကိုယ်မှာရှိတဲ့ အစက်ပြောက်တွေဟာ ပုံသဏ္႑ာန်နဲ့အရွယ်အစားပြောင်းလဲလာခြင်း၊ သွေးထွက်ခြင်း၊ အနာဖြစ်ခြင်း၊ ယားယံခြင်းနဲ့ နာကျင်ခြင်းတွေခံစားလာရပါက အရေပြားအထူးကုဆရာဝန်နှင့် အမြန်ဆုံးသွားရောက်စစ်ဆေးကုသမှုခံယူသင့်ပါတယ်။
2. ကိုယ်ဝန်ဆောင်ချိန်မှာ မှဲ့တွေကို မိမိဘာသာသတိထားမိပါက A, B, C, D, E နည်းလမ်းဖြင့်ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။
A (Asymmetry) - မညီညာခြင်းဆိုသည်မှာ မှဲ့တစ်ခုကို နှစ်ပိုင်းပိုင်းကြည့်ပါက တခြမ်းနဲ့တခြမ်းထပ်တူမကျတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းဆိုပါက မှဲ့၏ပုံပန်းသဏ္႑ာန်ကို ပုံပျက်နေသည်ဟုပြောနိုင်ပါတယ်။
B (Border) - မှဲ့ရဲ့ဘေးပတ်လည်ဟာ တိတိပပဖြစ်မနေဘဲ တွန့်နေနိုင်ပါတယ်။
C (Color) - မှဲ့ရဲ့အရောင်ဟာ အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ အနီ၊ အဖြူ၊ အပြာ၊ အညို (သို့) အနက်ရောင် စသည်ဖြင့် ပြောင်းလဲနေပါတယ်။
D (Diameter) - မှဲ့ကင်ဆာဆိုပါက အချင်းဟာ 6 မီလီမီတာထက်ကြီးလေ့ရှိပေမယ့်လည်း တခါတရံမှာတော့ ထို့ထက်သေးနိုင်ပါတယ်။
E (Elevated) - မှဲ့ရဲ့မျက်နှာပြင်ဟာ ပြားမနေဘဲ အပေါ်သို့ဖောင်းတတ်နေပါတယ်။
ဒီအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင်တော့ အရေပြားအထူးကုဆရာ၀န်ထံ သွားရောက်ပြသသင့်ပါတယ်။
Dr.Thinzar Hua Wynn
















