ကိုယ်ဝန်ဆောင်တိုင်း သိထားသင့်တဲ့ အချင်းအကြောင်း
အချင်းဆိုတာ ကိုယ်ဝန်ဆောင်သားအိမ်နံရံထဲမှာ ဖြစ်ပေါ်လာပြီး သန္ဓေသားလေး ကြီးထွားဖို့အတွက် အရေးပါပါတယ်။
>> အချင်းက ဘာလို့အရေးကြီးတာလဲ?
အချင်းဆိုတာ သန္ဓေသားလေးအတွက် အသက်သွေးကြောပါပဲ။ ကလေးနဲ့အမေ့ကို အချင်းကြိုးနဲ့ ဆက်သွယ်ထားပြီးတော့ ကလေး မလုပ်နိုင်သေးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။
>> ကိုယ်ဝန်ဆောင်စဉ် အချင်းရဲ့လုပ်ငန်းဆောင်တာ
သန္ဓေသားလေး မလုပ်နိုင်သေးတဲ့ အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းလုပ်ငန်းတွေကို အချင်းက လုပ်ဆောင်ပေးပါတယ်။ အဓိကအားဖြင့်တော့ -
● အချင်းကြိုးကနေတစ်ဆင့် အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေကို ပို့ဆောင်ပေးခြင်း
● သန္ဓေသားလေးဆီက ကာဗွန်ဒိုင်အောက်ဆိုဒ်လိုမျိုး အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း
● အစားအသောက်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ဖြိုခွဲပေးပြီး မိခင်နဲ့ကလေးသွေးကြောတွေထဲ ထုတ်လွှတ်ပေးခြင်း
● ဆေးတွေ၊ အဆိပ်အတောက်တွေ၊ အစားအစာမှာပါတဲ့ ပေါင်းစပ်ပစ္စည်းတွေရန်ကနေ ကလေးကို ကာကွယ်ပေးခြင်း
● ကလေး ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ဟော်မုန်းတွေ ထုတ်လုပ်ပေးခြင်း
● ဘက်တီးရီးယားပိုးမွှားတွေနဲ့ မိခင်ဆီက ရောဂါဘယတွေကို ကာကွယ်ပေးခြင်း စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။
>> အချင်းရဲ့လုပ်ငန်းဆောင်တာကို အကျိုးသက်ရောက်စေတဲ့အချက်များ
အောက်ပါအချက်တွေဟာ ကိုယ်ဝန်ဆောင်စဉ် အချင်းရဲ့လုပ်ငန်းဆောင်တာတွေကို သက်ရောက်မှုရှိပြီး မိခင်ကိုလည်း အန္တရာယ်ရှိစေပါတယ်။
1. မိခင်အသက် : အသက် ၃၅ နှစ်ကျော်တဲ့ ကိုယ်ဝန်ဆောင်မေမေတွေမှာ အချင်းပြဿနာတွေ ကြုံရတတ်ပါတယ်။
2. အမြွာကိုယ်ဝန်ဆောင် : အမြွာကိုယ်ဝန်ဆောင်တွေဟာ အချင်းအားနည်းလေ့ ရှိကြပါတယ်။ ဒါကြောင့် အချင်းစောစောကွာတတ်တဲ့ပြဿနာ ရှိပါတယ်။
3. ရေမြွာရည်စောပေါက်ခြင်း : ကလေးဟာ များသောအားဖြင့် ရေမြွာအိတ်ထဲမှာ ငြိမ့်ငြိမ့်လေး နေရတတ်ပါတယ်။ မွေးချိန်မတိုင်မီရေမြွာရည် စောပေါက်တဲ့အခါ အချင်းပိုးဝင်တာ၊ အချင်းကွာတာတွေ ဖြစ်လာနိုင်ပါတယ်။
4. သွေးခဲရောဂါများ : မျိုးရိုးလိုက်ခြင်း၊ အဝလွန်ခြင်း၊ အမေအသက်ကြီးခြင်း၊ ရောဂါဘယများ၊ ကြာကြာမလှုပ်မရှားနေခြင်း စတာတွေကြောင့် အချင်းမှာ သွေးခဲတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ သွေးအသွားအလာကိုပါ ပြတ်တောက်သွားစေနိုင်ပြီး ကလေးကို ဒုက္ခဖြစ်စေနိုင်ပါတယ်။
5. ဗိုက်ကို ထိခိုက်မိခြင်း : ပြုတ်ကျတာတို့၊ ဗိုက်ကို ထိခိုက်မိတာတို့ကြောင့် အချင်းကွာတတ်ပါတယ်။
6. ယခင်အချင်းပြဿနာများ : အရင်ကိုယ်ဝန်တုန်းက အချင်းပြဿနာတွေဖြစ်ခဲ့ဖူးရင် အခုကိုယ်ဝန်မှာလည်း အချင်းပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။
7. ယခင်သားအိမ်ခွဲစိတ်မှုများ : ကလေးဗိုက်ခွဲမွေးတာဖြစ်စေ၊ သားအိမ်အလုံးခွဲထားတာဖြစ်စေ အချင်းပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။
8. သွေးတိုးခြင်း : သွေးတိုးတာကြောင့်လည်း အချင်းပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။
9. ဆေးသုံးစွဲခြင်း : ဆေးလိပ်သောက်ခြင်း၊ ဆေးသုံးခြင်းတို့ကြောင့်လည်း အချင်းကို ဒုက္ခပေးနိုင်ပါတယ်။
Obimin 1

>> ဖြစ်ပေါ်လာနိုင်သော အချင်းပြဿနာများ
1. အချင်းကွာခြင်း : ကလေးမမွေးခင် သားအိမ်ကနေ အချင်းကွာကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုကွာကျတဲ့အခါ ကလေးဆီကို အောက်ဆီဂျင်တွေ၊ အစာအာဟာရတွေ မရောက်နိုင်တော့ဘဲ ကလေးစောမွေးတာ၊ ကလေး အသက်မပါလာတာ၊ ကလေး ကောင်းကောင်းမဖွံံ့ဖြိုးတာအပြင် အမေ့မှာလည်း သွေးသွန်တာမျိုး ဖြစ်လာတတ်ပါတယ်။
2. အချင်းရှေ့ရောက်ခြင်း : အချင်းက သားအိမ်အောက်နားကိုရောက်ပြီး သားအိမ်ခေါင်းအဝကို တစ်ပိုင်းတစ်စဖြစ်စေ၊ လုံးလုံးလျားလျားဖြစ်စေ ဖုံးကွယ်ထားတတ်ပါတယ်။ ဒါကြောင့် ကလေးထွက်မယ့်လမ်းကြောင်းကို ပိတ်ဆို့ပြီး ကလေးစောမွေးတာ၊ အချင်းပြဲတာ၊ သွေးသွန်တာတွေ ဖြစ်စေတတ်ပါတယ်။
3. အချင်း သားအိမ်ထဲ ကပ်ဝင်နေခြင်း : တစ်ခါတလေရှားရှားပါးပါး အချင်းဟာ သားအိမ်နံရံထဲကို ကပ်တွယ်ဝင်နေတတ်ပြီး ကလေးမွေးပြီးချိန်မှာ အချင်းမကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးမွေးနေချိန်နဲ့ မွေးပြီးချိန်တို့မှာ သွေးတွေလွန်ပြီးလာနိုင်ပါတယ်။
4. အချင်းကျန်ခြင်း : သားအိမ်နံရံမှာ အချင်းကပ်နေတဲ့အခါမျိုးမှာ အချင်းတစ်ဝက်တစ်ပျက်ဖြစ်စေ၊ ရေမြွာအမြှေးပါးဖြစ်စေ သားအိမ်ထဲ ကျန်ခဲ့တတ်ပါတယ်။ အမေ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပြီး ကလေးမွေးပြီး နာရီပိုင်းအတွင်းမှာ လက်နဲ့နှိုက်ထုတ်ဖို့ လိုအပ်နိုင်ပါတယ်။
5. အချင်းသွေး မလုံလောက်ခြင်း : အချင်းကနေ ကလေးဆီကို အာဟာရဓာတ် လုံလုံလောက်လောက် မပို့နိုင်တဲ့အခါမျိုးမှာ ကလေးကောင်းကောင်းမဖွံ့ဖြိုးခြင်း၊ ကလေးအသက်မပါလာခြင်း၊ ကလေးညှက်ခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။
6. အချင်းကွယ်နေခြင်း : အချင်းဟာ ကလေးကိုကွယ်ပြီး သားအိမ်အရှေ့မှာ ကပ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးကို ကောင်းကောင်းစမ်းမရတာ၊ အာထရာစောင်းမှာ ကလေးကို မမြင်ရတာမျိုး ဖြစ်နိုင်ပါတယ်။ အချင်းကွာကျခြင်း၊ သန္ဓေသားညှက်ခြင်း၊ ကလေးအသက်ဆုံးခြင်းတို့ တွေ့ကြုံရတတ်ပါတယ်။
>> အချင်းပြဿနာဖြစ်လာတဲ့အခါ လက္ခဏာတွေကတော့ -
● မိန်းမကိုယ်ကနေသွေးသွန်ခြင်း
● ခါးနာခြင်း
● ဗိုက်နာခြင်း
● သားအိမ် တောက်လျှောက်ညှစ်နေခြင်း
● ကလေး ကောင်းကောင်းမလှုပ်တော့ခြင်း
စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီလိုလက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်နဲ့အမြန်ပြပါ။
Obimin 2

>> ဒီလိုအချင်းပြဿနာတွေကို မဖြစ်အောင် ဘယ်လိုလျှော့ချရမလဲ?
ဒီလိုအချင်းပြဿနာတွေကို ကာကွယ်ဖို့ မလွယ်ကူပါဘူး။ ကျန်းမာတဲ့ကိုယ်ဝန်ကို ပိုင်ဆိုင်နိုင်ဖို့ လုပ်နိုင်တဲ့နည်းလမ်းလေးတွေတော့ ရှိပါတယ်။
● ကိုယ်ဝန်ကို ညွှန်ကြားချက်အတိုင်း ပုံမှန်ပြသပါ။
● သွေးတိုး၊ ဆီးချိုပြဿနာတွေကို သေချာထိန်းပါ။
● ဆေးလိပ်နဲ့ တရားမဝင် ဆေးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
● အရင်ကိုယ်ဝန်တုန်းက အချင်းပြဿနာတွေကြုံခဲ့ရင်၊ အရင်ဗိုက်ကို ခွဲစိတ်ဖူးတာမျိုးရှိဖူးရင် ဆရာဝန်ကို ကြိုတင်ပြောပြပါ။
>> အချင်း ဘယ်လိုချသလဲ?
ပုံမှန်ဆိုရင် သားအိမ်က အနည်းငယ် ညှစ်ညှစ်ပေးပြီး အချင်းကျအောင် ကူညီပေးပါတယ်။
ရိုးရိုးမွေးတဲ့အခါ ကလေးမွေးပြီးချိန်ကနေ အချင်းကျချိန်ကို ကလေးမွေးခြင်း တတိယအဆင့်လို့ခေါ်ပါတယ်။
ခွဲမွေးရင်တော့ ဆရာဝန်က သားအိမ်ကို ပြန်မချုပ်ခင်မှာ အချင်းကို လက်နဲ့ခွာထုတ်ပါတယ်။ ဒါမှ အပိုင်းအစတွေကျန်ပြီး ပိုးဝင်တာ၊ သွေးထွက်တာတွေမဖြစ်အောင် ကာကွယ်နိုင်မှာပါ။
>> အချင်း ပုံမှန် ဟုတ်၊ မဟုတ် ဘယ်လိုသိနိုင်သလဲ?
အာထရာစောင်းရိုက်တဲ့အခါ အချင်းမှာ ပြဿနာတစ်စုံတစ်ရာရှိမရှိကို စစ်ဆေးလေ့ရှိပါတယ်။ အချင်းပြဿနာတွေဟာ မိခင်မှာ သွေးသွန်တာတွေကို ဖြစ်စေနိုင်တာမို့ ဆရာဝန်နဲ့ပြဖို့လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)














