ကိုယ်ဝန်ဆောင်တွေကြုံရတတ်တဲ့ အချင်းပြဿနာ
ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ အချင်းပြဿနာတွေက အကြောင်းအရင်းအမျိုးမျိုး ရှိပါတယ်။
>> အချိန်မတန်ခင် အချင်းကွာခြင်း
ပုံမှန်ဆိုရင် ကလေးမွေးပြီးမှ အချင်းကွာရတာပါ။ ကလေးမမွေးခင် အချင်းကွာခဲ့ရင် ကလေးဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရောက်တာနည်းသွားလို့ ကလေးအတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်အယောက် (၁၂၀) မှာ တစ်ယောက်လောက် ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ရင်၊ သွေးပေါင်တက်ရင်၊ အမြွှာကိုယ်ဝန်ဆောင်ရင် ဖြစ်နိုင်သလို အရင်ကဖြစ်ဖူးတဲ့သူတွေမှာလည်း မွေးချိန်မတန်ခင် အချင်းကွာတာ ဖြစ်တတ်ပါတယ်။
Obimin 1

အချင်းနည်းနည်းကွာတာလား၊ လုံးဝကွာတာလားအပေါ် မူတည်ပြီးတော့ ရောဂါလက္ခဏာနဲ့ ကုသမှုတွေကလည်း ကွာသွားပါတယ်။
လက္ခဏာတွေကတော့ သွေးဆင်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ကို အထိမခံနိုင်အောင် နာကျင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင်တော့ ဆေးရုံတက်ပြီး စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
>> အချင်းရှေ့ရောက်ခြင်း
ပုံမှန်ဆိုရင်အချင်းဟာ သားအိမ်ရဲ့အပေါ်ပိုင်းမှာပဲရှိရမှာပါ။ မွေးလမ်းကြောင်းအဝနား ဒါမှမဟုတ် အဝကို ပိတ်ပြီးတော့ ရှိနေမယ်ဆိုရင် အချင်းရှေ့ရောက်တယ်လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်အယောက် (၂၀၀) မှာ တစ်ယောက်နှုန်း ဖြစ်တတ်ပါတယ်။
Obimin 2

အရင်ခွဲမွေးဖူးတယ်ဆိုရင်၊ သားအိမ်နဲ့ပတ်သက်ပြီး ခွဲစိတ်မှုတစ်ခုခု လုပ်ဖူးတယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သားအိမ်ထဲအသားလုံးရှိခြင်း၊ သားအိမ် ပုံမှန်မဟုတ်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနီရဲရဲသွေးဆင်းတတ်ပြီး ဗိုက်နာတာတော့ သိပ်ဖြစ်လေ့မရှိပါဘူး။ အချင်းဟာ မွေးလမ်းကြောင်းအဝကို ဘယ်လောက်အထိ ကာထားသလဲ၊ ဘယ်လောက်အထိ သွေးဆင်းနေသလဲ၊ ကိုယ်ဝန်ဆောင်ကာလ ဘယ်လောက်ရှိပြီလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီးတော့ ကုသမှုကလည်း ကွာသွားပါလိမ့်မယ်။ လိုအပ်ရင် ခွဲမွေးရနိုင်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)















