ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ ဆံပင်ဆေး ဆိုးသင့်၊ မဆိုးသင့်
ဆံပင်ဆိုးဆေးတော်တော်များများမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ အဆိပ်ဓာတ်သိပ်မများပါဘူး။ ဒါကြောင့် လေ့လာမှုအများစုက ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆိုးနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဓာတုပစ္စည်းတွေအများကြီးပါတဲ့ ဆံပင်ဆိုးဆေးတွေကတော့ ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။
>> ကိုယ်ဝန်ဆောင်စဉ်ဆံပင်ဆိုးခြင်း
ကိုယ်ဝန်ဆောင်အများစုဟာ ကလေးကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကိုယ်ဝန်ပထမကာလ ၁၂ ပတ်ကို ကျော်လွန်မှသာ ဆံပင်ဆိုးတတ်ကြပါတယ်။ အကယ်၍ ကိုယ့်ကိုယ်ကို ဆေးဆိုးမယ်ဆိုရင်တော့ ဘေးဥပါဒ်နည်းစေနိုင်ဖို့
• လက်အိတ်ဝတ်ပါ။
• ဆိုးဆေးကိုအချိန်နည်းနည်းသာ ထားပါ။
• လေဝင်လေထွက်ကောင်းတဲ့အခန်းမှာ လုပ်ပါ။
• ဆိုးဆေးဆိုးပြီးတာနဲ့ ဦးရေပြားကိုရေဆေးချပါ။
ဆံပင်တစ်ချို့ကိုပဲ Highlight ဆိုးခြင်းကလည်း ဓာတုပစ္စည်းတွေကို ဆံပင်ကပဲစုပ်ယူပြီး ဦးရေပြားနဲ့ သွေးကြောတွေက စုပ်ယူမှုမရှိတာကြောင့် အန္တရာယ်ဖြစ်ခြင်းကို နည်းစေနိုင်ပါတယ်။
ဒန်းလိုမျိုး သဘာဝဆိုးဆေးတွေကလည်း ကိုယ်ဝန်အတွက် စိတ်ချရပါတယ်။
ကိုယ်ဝန်ဆောင်ခြင်းက ဆံပင်တွေကို ပြောင်းလဲစေနိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။ ဥပမာအားဖြင့်
• အရောင်ဆိုးရာမှာ ခါတိုင်းလို အရောင်မရခြင်း
• အရောင်မစွဲခြင်း၊ ဖွာနေခြင်း၊ ခန့်မှန်းမရခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဆိုးမယ့်အရောင်ကို ဆံပင်တစ်ချောင်းမှာ အရင်ဆိုးကြည့်ပါ။ ဆံသားကျွမ်းကျင်ပညာရှင်ကို အကြံတောင်းကြည့်ပါ။
>> နို့တိုက်နေစဉ်ဆံပင်ဆေးဆိုးခြင်း
နို့တိုက်မိခင်တွေ ဆံပင်ဆေးဆိုးလို့ ရ၊ မရကို လေ့လာမှုတွေသိပ်မရှိသေးတာကြောင့် အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် ဆံပင်ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေရဲ့ မဆိုစလောက်လောက်သာ သွေးထဲဝင်နိုင်တဲ့အတွက် နို့ထဲကနေ ကလေးဆီပါဖို့ဆိုတာ အင်မတန်နည်းပါးပါတယ်။ ရှေးခေတ်က နို့တိုက်မိခင်အမျိုးသမီးတွေဟာလည်း နို့တိုက်နေစဉ် ဆံပင်ဆိုးဆေးတွေဆိုးခဲ့ကြပေမယ့် သိသိသာသာ ဘာမှပြောင်းလဲမှုမရှိခဲ့ပါဘူး။
Dr. Mya Phoo Ngon (www.drmyanmar.com)
















