ကိုယ်ဝန်ရင့်လာတာနှင့်အမျှ ဗိုက်ဗိုက်တို့ ကိုယ်ခန္ဓာမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ပေါ်သလဲ
ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတစ်ယောက်အတွက် စိတ်ရောကိုယ်ပါ ပြောင်းလဲမှုများစွာနှင့် ကြုံကြိုက်သောကာလတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်မေမေလောင်းတွေ မလွဲမသွေ တွေ့ကြုံရမယ့် အပြောင်းအလဲများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အကြောပြတ်ရာ
အများစု ကြုံတွေ့ရတဲ့ ပြောင်းလဲမှုကတော့ ဗိုက်ကြောပြတ်ရာများ ဖြစ်ပါတယ်။ ကလေးကြီးထွားလာတာနှင့်အမျှ ဗိုက်အရေပြားကို ဆွဲဆန့်သလိုဖြစ်ပြီး အကြောပြတ်ရာတွေ ဖြစ်ပေါ်လာတာပါ။ ကိုယ်ဝန်ဆောင် ၁၃ ပတ်လောက်ကနေစပြီး ဗိုက်တွင်သာမက လက်မောင်း၊ ရင်သား၊ တင်ပါး၊ ပေါင်တွေမှာ အကြောပြတ်ရာတွေ ဖြစ်ပေါ်လာပါတယ်။
Obimin 1

(၂) ဖိနပ်အရွယ်အစား
ကိုယ်ဝန်အလေးချိန်ကြောင့် ခြေဖဝါးကို ပြားစေခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ထွက်လာတဲ့ ဟော်မုန်းကြောင့် အရိုးနှင့်အရွတ်များကို ရှည်လာစေခြင်း၊ ဖနောင့်နှင့်ခြေကျင်းဝတ်တွေမှာ အရည်များ စုလာခြင်းတို့ကြောင့် ဖိနပ်အရွယ်အစားကို တိုးလာစေပါတယ်။
(၃) အရေပြားခြောက်သွေ့ခြင်း
ကိုယ်ဝန်ရှိစဉ်တွင် ကြုံတွေ့ရတဲ့ပြဿနာတစ်ခုကတော့ အရေပြားများ ခြောက်သွေ့ယားယံခြင်း ဖြစ်ပါတယ်။ ဗိုက်၊ ပေါင်၊ ရင်သားနှင့် လက်မောင်းတွေမှာ ဟိုမုန်းအပြောင်းအလဲတွေကြောင့် ယားယံခြင်းဝေဒနာကို ခံစားရပါလိမ့်မယ်။
Obimin 2

(၄) ရင်သားအရွယ်အစား
ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလကတည်းက ဘော်လီဆိုဒ်ကြီးကြီးကို ရွေးဝယ်ထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် သင့်ရင်သားတွေဟာ ကိုယ်ဝန်အစောပိုင်းကာလကနေ ကလေးမီးဖွားပြီး နို့တိုက်ချိန်ထိ ကြီးထွားနေမှာဖြစ်လို့ပါပဲ။ တစ်ချိန်တည်းမှာပဲ ရင်သားတင်းခြင်းနှင့် နာကျင်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။
(၅) သွားကျန်းမာရေး
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကျဆင်းနေတတ်တဲ့အတွက် သွားပိုးစားခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် မနက်ခင်း ပျို့အန်ရာကနေ သွားကြွေလွှာကို အက်ဆစ်များ တိုက်စားမိရာကနေလည်း သွားပိုးစားခြင်းကို အားပေးတတ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















