/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်မိခင်တိုင်း-ကြုံတွေ့ရနိုင်သော

ကိုယ်၀န်ဆောင်မိခင်တိုင်း ကြုံတွေ့ရနိုင်သော စိတ်ကသိကအောင့်ဖြစ်စရာအချက် (7) ချက်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

      ကိုယ်၀န်ဆောင်မိခင်တစ်ယောက်ဖြစ်လာပြီဆိုကတည်းက ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းအပြောင်း အလဲကြောင့် စိတ်ပိုင်းဆိုင်ရာမှာသာမက ရုပ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲတာတွေခံစားရမှာဖြစ်သလို ဗိုက်မှာအမွေးအမျှင်လေးတွေ ပေါက်လာတာ၊  လေတက်တာ၊ ၀မ်းချုပ်တာ၊ မိန်းမကိုယ်မှ အချွဲများများဆင်းတာ၊ လိပ်ခေါင်းရောဂါခံစားရတာ စတဲ့ခန္ဓာကိုယ်မှ ထူးထူးခြားခြားဖြစ်ပေါ်မှုတွေကို  ယခင်ကမကြုံဖူးပေမယ့်လည်း  ကိုယ်၀န်ဆောင်ချိန်မှာ အနည်းနဲ့အများတော့ ခံစားရတတ်ပါတယ်။ ယင်းကဲ့သို့  ကိုယ်၀န်ဆောင်ချိန်အတွင်းဖြစ်ပေါ်လေ့ရှိတဲ့  ခန္ဓာကိုယ်မှပြောင်းလဲမှုဖြစ်စဉ်တွေကို စိတ်ညစ်စရာလို့ သဘောမထားသင့်ပါဘူး။  ဒါကြောင့် ကိုယ်၀န်ဆောင်ချိန်အတွင်း ခံစားရလေ့ရှိတတ်တဲ့လက္ခဏာအချို့နဲ့   ယင်းလက္ခဏာတွေဘာကြောင့်ဖြစ်လာရသလဲဆိုတာနဲ့ပတ်သက်ပြီး ကိုယ်၀န်ဆောင်တော့မယ့်မိခင်တွေနဲ့ ကိုယ်၀န်လွယ်ထားရပြီဖြစ်တဲ့မိခင်တွေ သိရှိထားသင့်ပါတယ်။ 

1. လေလည်ခြင်း၊  လေချဉ်တက်ခြင်း

     ကိုယ်၀န်ဆောင်သည်တိုင်းလိုလို မကြာခဏ လေလည်ခြင်း၊ လေချဉ်တက်ခြင်းကို ခံစားရလေ့ရှိတတ်ပါတယ်။ ကိုယ်၀န်ဆောင်ချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းလုပ်ငန်းစဉ်ကိုနှေးစေပြီး အူလမ်းကြောင်းရှိကြွက်သားတွေဟာ အစာခြေချိန်မှာထွက်လာတဲ့ဓာတ်ငွေ့တွေကို ထိန်းထားနိုင်အားမကောင်းတော့တာကြောင့် ၄င်း ဓာတ်ငွေ့တွေဟာ လေလည်ခြင်း၊ လေချဉ်တက်ခြင်းအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပသို့ ထွက်လာရခြင်းဖြစ်ပါတယ်။   ယင်းကဲ့သို့  လေလည်ခြင်း၊  လေချဉ်တက်ခြင်းမဖြစ်အောင်တားလို့မရပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက်ပြောင်းလဲခြင်းတို့ဖြင့် လျော့နည်းအောင်လုပ်လို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုအားကောင်းစေပြီး ဓာတ်ငွေ့အထွက်နည်းစေမှာဖြစ်ပါတယ်။ အချိုရည်၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီနဲ့ သစ်သီးခြောက် စတဲ့အစားအစာတွေက အူလမ်းကြောင်းမှာ ဓာတ်ငွေ့တွေစုစေတဲ့ အတွက် မကြာခဏ လေလည်၊ လေချဉ်တက်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသူ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ စားဖို့ရှောင်ကျဉ်သင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

2. ဆီးမထိန်းနိုင်ခြင်း

       သနေ္ဓသားဖွံ့ဖြိုးလာတာနဲ့အမျှ သားအိမ်ကလည်း ကြီးလာတဲ့အတွက် ကလေးကဆီးအိမ်အပေါ် ဖိထားသလိုဖြစ်တာကြောင့် မိခင်မှာနှာချေတာ၊ ချောင်းဆိုးတာ၊ ရယ်မောတာ စတဲ့အခြေအနေမျိုးမှာတောင် ဆီးစိမ့်ထွက်သွားတာဖြစ်တတ်ပါတယ်။  ဆီးကိုမအောင့်ထားနိုင်ဘဲ အိမ်သာသို့ အလျင်စလို သွားရခြင်း၊ ဆီးစက်နည်းနည်းစီထွက်ကျခြင်းမဖြစ်စေဖို့အတွက် နှစ်နာရီခြားတစ်ခါလောက်အပေါ့သွားဖို့ ကိုယ့်ကိုယ်ကို သတိထားသင့်ပါတယ်။

3. အမွှေးအမျှင်များ ပေါက်လာခြင်း 

      ကိုယ်၀န်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်ရှိအမွှေးအမျှင်ပေါက်လေ့ မရှိတဲ့နေရာတွေဖြစ်တဲ့ ရင်သား၊ ၀မ်းဗိုက်နဲ့ မျက်နှာမှာ အမွှေးအမျှင်လေးတွေထွက်လာတတ်ပါတယ်။  ကိုယ်၀န်ဆောင်တစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ရှိ မလိုအပ်တဲ့အမွှေးအမျှင်တွေဖယ်ရှားဖို့  ဇာဂနာနဲ့နှုတ်တာ ဒါမှမဟုတ် waxing လုပ်တာ စတဲ့နည်းနှစ်မျိုးကိုသာ အသုံးပြုသင့်ပါတယ်။

4.  အနံ့အသက်များကိုမနှစ်မြို့ခြင်း

      ကိုယ်၀န်ဆောင်ချိန်မှာ အနံ့တစ်ခုခုရလိုက်တဲ့အခါ အနံ့ပြင်းပြင်းစူးရှတဲ့အနံ့လို့သာခံစားမိတာကြောင့်  အစားအစာအနံ့၊   တချို့မွှေးရနံ့တွေဆိုရင် မနှစ်မြို့တာတွေဖြစ်လာတတ်ပါတယ်။ တခါတရံမှာ မိန်းမကိုယ်န့ံထွက်နေကြောင်းကိုလည်း ခံစားသိရှိနိုင်ပါတယ်။ ဒါဟာ အချွဲတွေများနေခြင်းကြောင့်ဖြစ်ရတာပါ။ ဒါပေမယ့် မိန်းမကိုယ်န့ံထွက်တာပိုဆိုးလာမယ်ဆိုရင်တော့ မှိုပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်နိုင်တဲ့အတွက် ဆရာ၀န်နဲ့ပြသင့်ပါတယ်။  

5. လိပ်ခေါင်းရောဂါဖြစ်ခြင်း 

      လိပ်ခေါင်းရောဂါဆိုတာ ၀မ်းချုပ်ခြင်းကြောင့်ဖြစ်လာရတဲ့ ရောဂါလက္ခဏာတစ်ခုပါ။ ကိုယ်၀န်ဆောင်ချိန်မှာ ၀မ်းချုပ်ခြင်းကို မကြာခဏခံစားရလေ့ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်၀န်ဆောင်ချိန်မှာ ၀မ်းမချုပ်စေဖို့အတွက် ရေများများသောက်ခြင်း၊ အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေ စားသုံးခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်သင့်ပါတယ်။

6. ၀က်ခြံထွက်ခြင်း  

     ကိုယ်၀န်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းဟော်မုန်းတွေများနေခြင်းကြောင့် ၀က်ခြံထွက်လာရခြင်းဖြစ်ပါတယ်။ ၀က်ခြံပျောက်ဆေးသုံးတော့မယ်ဆိုရင် ဆရာ၀န်နဲ့ မေးမြန်းပြီးမှသာသုံးသင့်ပါတယ်။ 

7. ကာမဆန္ဒလျော့နည်းလာခြင်း

      ကိုယ်အလေးချိန်တက်လာခြင်း၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲလာခြင်းကြောင့်  ဆွဲဆောင်နိုင်အားနည်းသွားပြီလို့ မိမိကိုယ်ကိုခံစားမိစေတဲ့အတွက် ကိုယ်၀န်ဆောင်ချိန်မှာ ကာမဆန္ဒနည်းသွားတတ်ပါတယ်။ သင့်အနေနဲ့ ကာမဆန္ဒနည်းနေခြင်းနဲ့ပတ်သက်ပြီး ပြောပြဖို့အခက်အခဲတွေ့နေမယ်ဆိုပါက သင့်သားဖွားဆရာ၀န်ထံမှအကြံဉာဏ်ရယူသင့်ပါတယ်။

 

CMS

www.drmyanmar.com