ကိုယ်၀န်ဆောင်မိခင်များ အထူးရှောင်ရှားသင့်တဲ့ BPA
သမီးမိန်းကလေးကို လွယ်ထားရသော ကိုယ်၀န်ဆောင်များအနေဖြင့် BPA (Bisphenol A) ဓာတုပစ္စည်းနဲ့ ထိတွေ့မရှိအောင် ရှောင်ရှားဖို့ အထူးသတိပြုသင့်ပါတယ်။
ကိုယ်၀န်ဆောင်ပထမသုံးလအတွင်း BPA နှင့် ထိတွေ့မှုရှိပါက မွေးဖွားလာတဲ့ သမီးမိန်းကလေးက ပုံမှန်ထက် ကိုယ်အလေးချိန် လျော့ကျနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ Michigan University မှ သုတေသီများက သနေ္ဓသားအပေါ် BPA ၏ သက်ရောက်မှုကို သိရှိနိုင်ရန်အတွက် ကိုယ်၀န်ဆောင်မိခင် 67 ယောက်မှ သွေးကို ပထမ သုံးလ ကာလတွင် တကြိမ်၊ မွေးဖွားချိန်တွင် တကြိမ်၊ မွေးဖွားပြီး ချက်ကြိုးမှတကြိမ် ထုတ်ယူကာစစ်ဆေးမှုများပြုလုပ် ခဲ့ရာ BPA ပမာဏမြင့်တက်နေသော အမျိုးသမီးများမှ သမီးမိန်းကလေးမွေးဖွားလာပါက ပုံမှန်ထက် ကိုယ်အလေးချိန် လျော့ကျနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ BPA ထိတွေ့မှုရှိခြင်း မရှိခြင်းဟာ သားယောကျာ်းလေးတွေအပေါ်မှာတော့ ဘာအကျိုးသက်ရောက်မှုမှ ရှိမနေပါဘူး။
BPA ဟာ ပလတ်စတစ်ပစ္စည်းများပြုလုပ်ရာတွင် ကြည်လင်အောင် အသုံးပြုသော ဓာတုပစ္စည်းဖြစ်ပြီး စည်သွတ်ဗူးများ ပိတ်ရာမှာလည်း တစေးအဖြစ်အသုံးပြုပါတယ်။ ကိုယ်၀န်အစောပိုင်း ကာလများဟာ အရေးကြီးတဲ့ အချိန်ဖြစ်တာကတစ်ကြောင်း၊ သားယောကျ်ားလေးမွေးမလား သမီးမိန်းကလေးမွေးမလားဆိုတာကို USG ရိုက်ကြည့်ရုံနဲ့ မသိနိုင်သေးတာ တစ်ကြောင်းကြောင့် BPA ပါ၀င်တဲ့ ပစ္စည်းတွေကို ရှောင်ရှားဖို့အထူးလိုအပ်ပါတယ်။
Dr. Htet Htet Aung
















