/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်များအတွက်-vitamin-အကြောင်းသိကောင်းစရာ

ကိုယ်၀န်ဆောင်များအတွက် Vitamin A အကြောင်းသိကောင်းစရာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ဒီတစ်ခါတော့ ကိုယ်၀န်ဆောင်တွေအတွက် Vitamin A အကြောင်းပြောပြချင်ပါတယ်။ Vitamin A ဟာ အဆီမှာပျော်၀င်နိုင်ပြီး အသည်းမှာသိမ်းဆည်းပါတယ်။ Vitamin A ဟာ အမြင်အာရုံအတွက်အရေးပါပြီး ကူးစက်ရောဂါတွေကို လည်း တားဆီးပေးပါတယ်။  ကိုယ်၀န်ဆောင်တွေမှာဆိုရင် သနေ္ဓသားဖွံ့ဖြိုးမှုတွေဖြစ်တဲ့ နှလုံး၊ အဆုတ်၊ မျက်လုံး၊ အရိုးနှင့် သွေးလည်ပတ် စီးဆင်းမှုတွေ အတွက်အရေးပါပါတယ်။ မွေးဖွားပြီးမိခင်ရဲ့ တစ်သျှူ း (tissue) တွေကို ပြန်ပြင်ဆင်ဖို့ အတွက်လဲ အရေးပါတဲ့အတွက် ကိုယ်၀န်ဆောင်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

Vitamin A ဆိုတာဘာလဲ?

          Vitamin A ကို retinol သို့ retinoids ဟုခေါ်ပြီး provitamin A ကို carotenoids ဟုခေါ်ပါတယ်။ Vitamin A ကို ကြက်ဥ၊ နွားနို့၊ အသည်းစသည်တို့တွင်တွေ့ရပြီး provitamin A Carotenoids ကိုသစ်သီးသစ်ဥနဲ့ ဟင်းရွက်တွေမှာတွေ့ရှိရပါတယ်။ Carotenoids အများကြီးထဲမှာမှ beta-carotene ဟာ Vitamin A သို့ ပြောင်းနိုင်တဲ့ provitamin A ဖြစ်ပါတယ်။

Vitamin A ကြွယ်၀သောအစားအစာများ

        Vitamin A ကိုအသား၊ နို့ထွက်ပစ္စည်း၊ ငါး၊ ကြက်ဥနှင့် အစေ့အနှံ (ကစီဓါတ်ပါသောအစားအစာ) များမှ Vitamin A အဖြစ်အပြင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များမှာလည်း carotenoids အနေနဲ့ ရနိုင်ပါတယ်။ Carotenoids ပါတဲ့ အစားအစာများကိုလှီးဖြတ်ပြီး ချက်ပြုတ်ခြင်းဖြင့် Vitamin A ကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။

Vitamin A လိုအပ်ချက်

        Vitamin A စံနှုန်းကို RAE နဲ့ တိုင်းတာပါတယ်။ Vitamin A လူတစ်ယောက်အတွက် ဘယ်လောက်လိုအပ် ပါသလဲ?

- 19 နှစ်နှင့်အထက် ကိုယ်၀န်ဆောင်သည်အတွက် 770 micrograms RAE

- 18 နှစ်နှင့် အောက်ဆိုလျှင် 750 micrograms RAE

- နို့တိုက်မိခင် (19 နှစ်အထက်ဆိုလျှင်) 1,300 micrograms RAE 

- 18 နှစ် အောက်ဆိုလျှင် 1,200 micrograms RAE  လိုအပ်ပါတယ်။

        ပညာရှင်များအသိအမှတ်ပြုသည်မှာ 3,000 mcg ဆိုလျှင် အများဆုံးပမာဏဖြစ်ပြီး အားဆေး၊ အသားငါးများမှ ရရှိနိုင်ပါတယ်။

 Vitamin A လွန်ကဲခြင်း

        အကယ်၍ Vitamin A များသွားမယ်ဆိုလျှင် အသည်းအဆိပ်ဖြစ်စေပြီး မွေးရာပါချို့ယွင်းချက်ရှိတဲ့ ကလေးများကိုမွေးဖွားစေနိုင်ပါတယ်။

        ကိုယ်၀န်ဆောင်မိခင်များအနေဖြင့် Vitamin A ပါ၀င်သော isotretinoin အစရှိသော ၀က်ခြံပျောက်ဆေးနှင့် အသားအရေလှပဆေးများကို သောက်သုံးနေခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

        3 ပေါင်ရှိတဲ့ အမဲအသည်းဟာ လူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ Vitamin A ရဲ့ 12 ဆ လောက် ပါ၀င်နေတာတွေ့ရပါတယ်။

        Vitamin A အားဆေးများကို အကြောင်းထူးမရှိဘဲ အများကြီးသောက်သုံးဖို့ မလိုအပ်ပါဘူး။ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ပမာဏကိုဆေးညွှန်းတွင်ဖတ်ပြီး လိုအပ်သလောက်သာ သောက်သုံးပေးနိုင်ပါတယ်။

Vitamin A ချို့တဲ့သောလက္ခဏာများ

          Vitamin A ဟာ အစားအစာများမှာပေါများစွာပါ၀င်တဲ့အတွက် ချို့တဲ့မှုဖြစ်ခဲပါတယ်။ အကယ်၍ဖြစ်ခဲ့လျှင် ညအမြင်မှုန်ဝါးခြင်း၊ ခန္ဓာကိုယ်ခုခံအားစနစ်ကျဆင်းခြင်းတို့အပြင် Xerophthalmia ဟုခေါ်သော မျက်ကြည်လွှာ ခြောက်သွေ့ထူထဲသော ရောဂါဖြစ်ပွားကာ အမြင်အာရုံ ဆုံးရှုံးသည်ထိဖြစ်နိုင်ပါတယ်။

        မိမိပတ်၀န်းကျင်မှာ အလွယ်တကူရနိုင်တဲ့ Vitamin A ကိုလိုအပ်သလောက်စားသုံးခြင်းဖြင့် မျက်စိအမြင်အာရုံနှင့် သားပျက်သားလျောခြင်းကို ကာကွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

 

 

Dr. WSN

www.drmyanmar.com