/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/နို့ချိုတိုက်ကျေွးခြင်းနှင့်-ဆေးလိပ်သောက်ခြင်း

နို့ချိုတိုက်ကျေွးခြင်းနှင့် ဆေးလိပ်သောက်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ဆေးလိပ်သောက်တဲ့မိခင်ဟာ နို့တိုက်သင့်ပါသလား။

        ကလေးများအတွက် မိခင်နို့ရည်သာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်တဲ့ မိခင်များဟာလည်း ကလေးငယ်ကို နို့ချိုတိုက်ကျေွးဖို့ အထူးလိုအပ်ပါတယ်။ မိခင်နို့ရည်တိုက်ကျေွးခြင်းကြောင့် ကလေးငယ်ရဲ့ ခုခံအားကိုကောင်းမွန်စေရုံသာမက စီးကရက်ကြောင့်ဖြစ်ပေါ်လာမည့် ကျန်းမာရေး အန္တရာယ်တွေကိုလည်း လျှော့ချပေးနို်င်ပါတယ်။ ဆေးလိပ်ငွေ့ရှုရှိုက်မိတဲ့ ကလေးငယ်ဟာ ဆေးလိပ်သောက် သကဲ့သို့ပင် ဆေးလိပ်ရဲ့ဆိုးကျိုးများကိုခံစားရနိုင်တာကြောင့် ဆေးလိပ်မဖြတ်နိုင်ရင်တောင်မှ လျှော့သောက်ဖို့ အကြံပြုလိုက်ရပါတယ်။

 

ဆေးလိပ်ငွေ့ရှုရှိုက်မိတဲ့ကလေးငယ်မှာ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလဲ။

        ဆေးလိပ်ငွေ့ရှုရှိုက်ရတဲ့ကလေးငယ်တွေမှာ

-   နားအတွင်းပိုး၀င်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါနှင့် လေပြွန်ရောင်ခြင်း စတဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ အဖြစ်များလေ့ရှိပါတယ်။

-   ပျို့အန်ခြင်း၊ ၀မ်းလျောခြင်းနဲ့ ဗိုက်နာခြင်းတို့ကို မကြာခဏခံစားရလေ့ရှိပါတယ်။

-   ဆေးလိပ်သောက်သောမိဘနှစ်ပါးမှမွေးဖွားလာသောကလေးများတွင် ရုတ်တရက်ကလေးသေဆုံးခြင်း (SIDS)မှာအခြားသောကလေးများထက်စာရင် 7ဆ ပိုမြင့်ပါတယ်။

-   နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သော ကောင်းမွန်တဲ့အဆီဓါတ် HDL ပမာဏဟာ ဆေးလိပ်ငွေ့ရှုရှိုက်ရသော ကလေးများတွင် နည်းနေတတ်ပါတယ်။

-   ဆေးလိပ်သောက်သောမိခင်များမှ မွေးဖွားလာသောကလေးများကိုယ်တိုင်လည်း ဆေးလိပ်သောက် သူတွေဖြစ်လာပါတယ်။

-   မိဘနှစ်ပါးလုံး ဆေးလိပ်သောက်ပါက ကလေးငယ်မှာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ 2 ဆ မြင့်တက် လာပါတယ်။

 

ဆေးလိပ်သောက်ခြင်းက နို့တိုက်ခြင်းအပေါ်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ

-   ဆေးလိပ်သောက်တဲ့မိခင်တွေဟာ နို့စောစောပြတ်လေ့ရှိပါတယ်။

-   နို့ထွက်နည်းစေပါတယ်။

-   ပရိုလက်တင် (prolactin) ဟော်မုန်းပမာဏအထွက်နည်းစေပါတယ်။

-   အိုင်အိုဒင်းဓါတ်ချို့တဲ့သောဒေသများတွင် နေထိုင်သောနို့တိုက်မိခင်များသည် ဆေးလိပ်သောက်ပါက ၎င်းတို့၏နို့ရည်များထဲတွင် အိုင်အိုဒင်းပမာဏလျော့နည်းတတ်သဖြင့် အိုင်အိုဒင်းဖြည့်စွက်ဆေးများ မှီ၀ဲပေးဖို့ လိုအပ်ပါတယ်။

 

ကလေးငယ်မှာ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ မခံစားရအောင် ဘယ်လိုလျှော့ချမလဲ

-   နို့တိုက်နေသောမိခင်သည် ဆေးလိပ်သောက်ခြင်းကိုဖြတ်ပစ်သင့်ပါတယ်။ မဖြတ်နိုင်ဘူးဆိုပါကလျှော့သောက်ပါ။

-   နို့တိုက်နေစဉ်အတောအတွင်း ဆေးလိပ်မသောက်သင့်သလို ဆေးလိပ်သောက်ပြီးပြီးချင်း နို့မတိုက်သင့် ပါဘူး။

-   ကလေးငယ်ရှိသောအခန်းမှာဆေးလိပ်လုံး၀ မသောက်ပါနဲ့။

 

 

Dr. Htet Htet Aung

www.drmyanmar.com