နို့တိုက်မိခင်များနဲ့ ရင်သားများ နာကျင်ရောင်ရမ်းခြင်း
မိခင်နို့တိုက်သော မေမေတို့အနေနဲ့ မကြာခဏ ကြုံတွေ့ရတဲ့ ပြဿနာတွေမှာ ရင်သားများ နီရဲရောင်ရမ်းခြင်း (mastitis) ပဲ ဖြစ်ပါတယ်။
ရင်သားများ နီရဲရောင်ရမ်းခြင်းဆိုတာ မိခင်နို့တိုက်နေသော အမျိုးသမီးများတွင် ရင်သားရှိတစ်သျှူးများ ရောင်ရမ်းခြင်းကြောင့် နာကျင်ခြင်းဖြစ်ပေါ်တာကို ဆိုလိုပါတယ်။
ဖြစ်တဲ့ရင်သားဟာ နီရဲရောင်ကိုင်းနေပြီး ဖျားခြင်းနဲ့ ချမ်းတုန်ခြင်းတို့ပါ တွဲဖက်ခံစားရတတ်ပါတယ်။
>> ဘယ်သူတွေမှာ အဖြစ်များလဲ
ရင်သားတစ်သျှူးရောင်ခြင်းဟာ နို့ချောင်းပိတ်ခြင်းနဲ့ အရေပြားပေါက်ပြဲရာကနေ ရင်သားတွင်းသို့ ဘတ်တီးရီးယားများ ဝင်ရောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ ဒီတော့ နို့သိပ်မတိုက်သောမိခင်များ၊ နို့တိုက်ချိန်မမှန်သောမိခင်များ၊ ရင်သွေးလေးအား ရုတ်တရက်ဖြည့်စွက်စာကျွေးခြင်းစတဲ့ အခြေအနေတွေမှာ ရင်သားမှာ နို့တွေနဲ့ ပြည့်တင်းနေရာကနေ နို့ပြွန်တွေကို ပိတ်ဆို့စေပါတယ်။ ကလေးဘက်က နို့စို့နည်းမမှန်တဲ့အခါမှာလည်း နို့သီးခေါင်းတွေကို ပြတ်တောက်စေသလိုဖြစ်ပြီး ပိုးဝင်ခြင်းဖြစ်စေပါတယ်။
>> ရင်သားရောင်ရမ်းခြင်းဖြစ်နေစဉ် ကလေးကို နို့တိုက်လို့ရလား
ရပါတယ်။ ဒါပေမဲ့ နို့်တိုက်ပြီးချိန်မှာတော့ ရင်သားတင်းခြင်းကနေ ကာကွယ်ဖို့ နို့ကိုညှစ်ထုတ်ဖို့တော့ လိုပါတယ်။ မေမေတို့အနေနဲ့ ရင်သားတင်းခြင်းကို ကာကွယ်ဖို့ နို့ မကြာခဏတိုက်သင့်ပြီး တကယ်လို့ ကလေးက နို့မစို့ချင်သေးရင်တော့ -
● နို့ညှစ်တဲ့ခွက်နဲ့ ၂-၃နာရီခြား တစ်ကြိမ်ကို ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ညှစ်ထုတ်ပေးဖို့ အကြံပြုလိုပါတယ်။
● နာနေတဲ့ဘက်ကို အရင်တိုက်ခြင်း၊ ညှစ်ခြင်းပြုလုပ်ဖို့ အကြံပြုလိုပြီး အလွန်နာကျင်နေရင်တော့ မနာတဲ့ဘက်နဲ့ စတိုက်ပါ။
● ပိတ်နေတဲ့နို့ချောင်းကို ပွင့်စေဖို့ ရင်သားကြွက်သားတွေကနေ နို့သီးခေါင်းဆီသို့ ပင့်တင်ပြီး နှိပ်နယ်နိုင်ပါတယ်။
● သင့်အနေနဲ့ ကလေးကို ဖြည့်စွက်စာ ကျွေးတော့မယ်ဆိုပါက ဖြည်းဖြည်းချင်းသာ စကျွေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ကလေးအနေနဲ့လည်း အစာစားပုံကို ကျင့်သားရစေသလို ရင်သားတင်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။
>> နို့ကို ညှစ်ထုတ်ခြင်းအပြင် အခြားဘာတွေပြုလုပ်နိုင်သလဲ?
● အနားယူပါ။ အိမ်အလုပ်များကို မိသားစုဝင်များအား ကူလုပ်ခိုင်းပါ။
● ရေနဲ့ အရည်များများ သောက်သုံးပြီး အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ။
● လိုအပ်ပါက ဆရာဝန်နဲ့ပြသပြီး ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးများ သောက်သုံးသင့်ပါတယ်။
● တင်းကျပ်သော ဘရာများဝတ်ခြင်း၊ ကလေးချီပိုးသောကြိုးများကို တင်းကျပ်စွာဝတ်ခြင်း၊ မှောက်အိပ်ခြင်း ရှောင်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















