ဗိုက်ခွဲကလေးမွေးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို ဆွေးနွေးကြည့်ကြရအောင်
အခုခေတ်မှာ ကလေးမီးဖွားရခြင်းဒုက္ခကို မခံစားနိုင်တာကြောင့် အလွယ်တကူ ခွဲမွေးကြသူတွေ များပြားလာတယ်နော်။ ဒီတေ့ာ ဒီလိုကလေးခွဲမွေးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိထားရအောင် ပြောပြပေးပါမယ်။
များသောအားဖြင့်တော့ ရိုးရိုးကလေးမွေးရတဲ့အဆင့်တွေမှာ ပြဿနာရှိနိုင်တော့မှ ခွဲမွေးတာ များတယ်။ ရိုးရိုးမွေးရင် အမေရော ကလေးရောမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေပေါ့။
>> ခွဲမွေးတယ်ဆိုတာ လုံခြုံစိတ်ချရရဲ့လား
အရင်ခေတ်တွေတုန်းကတော့ ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက် ပိုအန္တရာယ်များပေမယ့် ခွဲစိတ်နည်းလမ်းတွေ ပိုဖွံ့ဖြိုးလာတဲ့ အခုခေတ်မှာ ခွဲမွေးတာဟာ အသေးစား ဖြစ်သွားပြီပေါ့။ ဒါပေမဲ့လည်း ဘာပြဿနာမှမရှိတဲ့ ကိုယ်ဝန်တွေမှာ ရိုးရိုးမွေးဖို့ကို ဦးစားပေး စဉ်းစားသင့်တယ်။
အမေရော ကလေးပါ အသက်အန္တရာယ်ရှိတယ်။ သားအိမ်ညှစ်အားကောင်းဆေး သွင်းပြီးနောက်တောင် ပုံမှန်တိုးတက်မှု မရှိလာဘူး၊ အမြွာကိုယ်ဝန်ဆောင်တွေနဲ့ သနေ္ဓသားလေးကြီးနေတဲ့ အခြေအနေမျိုးတွေမှာတော့ ခွဲမွေးတာ အကောင်းဆုံးပဲပေါ့။
ခွဲစိတ်မှုတိုင်းဟာ အနည်းနဲ့အများ အန္တရာယ်ရှိတယ်ဆိုပေမယ့် ခွဲစိတ်ဖို့ ကောင်းကောင်း ပြင်ဆင်ထားပြီး အမေလည်း ကျန်းမာတယ်ဆိုရင်တေ့ာ ထူးထူးခြားခြား မစိုးရိမ်ရဘူးပေါ့။
>> ခွဲမွေးရတာ ဘာကောင်းလဲ?
ဆရာဝန်က ကလေးအတွက်ရော၊ မိခင်အတွက်ပါ ခွဲမွေးတာ ပိုကောင်းတယ် ဆိုရင်တော့ ခွဲမွေးတာ အကောင်းဆုံးပေါ့။
ရိုးရိုးမွေးတာထက် ခွဲမွေးတာ ပိုသာတဲ့အချက်တွေကတော့ -
● ခွဲမွေးမယ့်ရက်ကို ကြိုသိတဲ့အတွက် မွေးဖို့အတွက်၊ ကလေးအတွက် ကြိုတင်ပြင်ဆင်လို့ရတာပေါ့။
● မွေးလမ်းကြောင်းပြဲမှာ စိတ်ပူစရာမလိုပါဘူး။ ရိုးရိုးမွေးတာလောက်တော့ ဗိုက်နာတတ်သေးတယ်နော်။
● အနည်းအကျဉ်းတော့ နာတတ်ပေမယ့်လည်း မွေးလမ်းကြောင်း နာကျင်မှုတော့ မခံစားရတော့ဘူးပေါ့။
● သွေးအထွက်လည်း နည်းတယ်။
● ဆီးထွက်ကျတာမျိုးလည်း နည်းတယ်။
● အမျိုးသားနဲ့ အတူနေတဲ့အခါလည်း ပြဿနာနည်းတယ်။
● တင်ပါးဆုံအောက်ပိုင်း ကြွက်သားကြမ်းပြင်တွေ ထိခိုက်မှုလည်း နည်းတယ်။
● ညှပ်ဆွဲရတာမျိုးလည်း နည်းတာကြောင့် ကလေးမှာလည်း ထိခိုက်မှုဒဏ်ရာ နည်းတယ်။
● အမေမှာ HIV ပိုး ရှိနေတာမျိုး၊ ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်ပိုးအရေအတွက် များနေတာမျိုးမှာ ခွဲမွေးခြင်းက ကလေးဆီ ပိုးကူးနှုန်း နည်းစေတယ်။
>> ပိုသာတဲ့အချက်တွေကို ပြောပြီးပြီဆိုတော့ ခွဲမွေးခြင်းရဲ့ဆိုးကျိုးတွေကိုလည်း ပြောရမှာပေါ့။
** အမေ့မှာ -
● ဗိုက်ကို ခွဲပြီးမွေးတာမို့လို့ ခွဲပြီးနောက်မှာ ချုပ်ရိုးခွဲကြောင်းက နာတာ၊ ဗိုက် မအီမသာဖြစ်တာမျိုးတွေ ဖြစ်တတ်လို့ အကိုက်အခဲပျောက်ဆေးတွေ အများကြီးသောက်ဖို့ လိုအပ်ပါတယ်။
● သွေးလည်း ပိုထွက်တတ်တယ်။ အရမ်းများရင် သွေးသွင်းဖို့တောင် လိုနိုင်တယ်နော်။
● ခွဲမမွေးခင်မှာ ပိုးမဝင်အောင် ကြိုတင်ပြီး ပိုးသတ်ဆေးပေးထားပေမယ့် ပိုးဝင်နိုင်သေးတာပဲ။ ခွဲကြောင်းချုပ်ရိုးမှာ အရည်တွေထွက်၊ နီရဲလာတာ၊ အရမ်းနာလာတာ၊ ချုပ်ရိုးကွဲတာတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် အဝလွန်နေသူတွေနဲ့ ဆီးချိုသမားတွေမှာပေါ့။ သားအိမ်နံရံတွေပိုးဝင်ခဲ့ရင်လည်း သွေးတွေမတရားဆင်းတာ၊ အဖြူအနံ့ဆိုးဆိုးတွေ ဆင်းတာ၊ တစ်ခါတလေ အဖျားတက်တာမျိုးတွေ ဖြစ်တတ်တယ်။ ဆီးပိုက်ကနေ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးလည်း ဖြစ်တတ်သေးတယ်။ ဆီးပိုးဝင်ကြောင်းကို ဗိုက်အောက်ပိုင်းနာတာ၊ အဖျားကြီးတာ၊ ချမ်းတုန်လာတာစတဲ့ လက္ခဏာတွေကနေတစ်ဆင့် သိနိုင်တယ်နော်။
● ခွဲစိတ်မှုတိုင်းက သွေးခဲစေတတ်တယ်။ အထူးသဖြင့် အဆုတ်သွေးကြောမှာ သွေးခဲတဲ့အခါ ပိုကြောက်ရတာပေါ့။ အသက်ရှူကြပ်တာ၊ ခြေသလုံးကြွက်သားတွေ နာလာ၊ ရောင်လာတာတွေနဲ့ လာတတ်တယ်။ ဒီလိုဖြစ်လာတဲ့အခါ ချက်ချင်းဆရာဝန်နဲ့ပြဖို့ လိုတယ်နော်။ လမ်းများများ လျှောက်ပြီး သွေးကြဲဆေးတွေ သောက်ဖို့ လိုနိုင်တယ်။
● ဝမ်းခေါင်းတွင်းမှာ အမာရွတ်တွေဖြစ်ပြီး အင်္ဂါအစိတ်အပိုင်းတစ်ခုနဲ့တစ်ခု ကပ်သွားတာ၊ ဝမ်းခေါင်းတွင်းအင်္ဂါတွေ သွားကပ်တာမျိုးတွေ ဖြစ်တတ်တယ်။ အရမ်းနာတတ်တယ်နော်။
● ခွဲစိတ်နေချိန် ပေးတဲ့မေ့ဆေးကြောင့် ခေါင်းအရမ်းကိုက်တာ၊ နားထင်အာရုံကြောကို ထိခိုက်မိတာမျိုးတွေ ဖြစ်လာတတ်တယ်။
● နောက်တစ်ကြိမ ်ကိုယ်ဝန်ဆောင်ချိန်မှာလည်း အခက်အခဲတွေ ဖြစ်လာတတ်တယ်။
● ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက်စာရင် သေဆုံးနှုန်း ပိုများပါတယ်။
** ကလေးမှာ -
● ခွဲမွေးတဲ့ကလေးတွေမှာ အသက်ရှူ ပြဿနာတွေ ဖြစ်လာတတ်တယ်။ အထူးသဖြင့် လမပြည့်သေးဘဲ မွေးတဲ့ကလေးတွေ၊ ဗိုက်မနာသေးဘဲ ခွဲမွေးတဲ့ကလေးတွေမှာ တွေ့ရတတ်ပြီး အထူးဂရုပြု စောင့်ရှောက်ဖို့ိ လိုတယ်နော်။
● ရှားရှားပါးပါး ဆရာဝန်ရဲ့ ခွဲစိတ်ဓားနဲ့ ထိခိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။
● ရိုးရိုးမွေးတာထက်စာရင် မွေးကင်းစအထူးစောင့်ရှောက်ဆောင်မှာ အချိန်ပိုကြာကြာထားရတတ်တယ်။
● ပန်းနာရင်ကြပ်ဖြစ်နှုန်းလည်း ပိုများတယ်။
● ကလေး အသေလေးမွေးနှုန်း၊ မွေးကင်းစသေနှုန်းလည်း ပိုများပါတယ်။
>> တခြားနောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ -
● အမေ အထူးကြပ်မတ်ကုသဆောင် တက်ရနိုင်ခြင်း
● ရှားရှားပါးပါး သားအိမ်ပါ ထုတ်လိုက်ရခြင်း
● နောက်ထပ် ခွဲစိတ်ဖို့ လိုလာနိုင်ခြင်း
● ရှားရှားပါးပါး ဆီးအိမ်တွေ၊ သားအိမ်တွေကို ထိခိုက်မိခြင်း
● ဆေးရုံမှာ ကြာကြာနေရခြင်း
● ခွဲကြောင်းနေရာက နာကျင်ခြင်း
● ဗိုက်နာနေတာကြောင့် ကလေးနို့တိုက်ရ နှောင့်နှေးခြင်း
● မီးနေချိန် စိတ်ဓာတ်ကျမှုပိုများခြင်း
စတာတွေ ဖြစ်လာနိုင်တယ်။
>> ခွဲမွေးခြင်းကြောင့် နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်သလဲ?
● ရှေ့တစ်ကြိမ် ခွဲမွေးထားပြီး နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းရှေ့ရောက်ပြီး သွေးထွက်များခြင်း၊ ကလေးအနေအထား ပုံမမှန်ဘဲ ရိုးရိုးမွေးရခက်ခဲခြင်း၊ သားအိမ်ကွဲထွက်ပြီး အသက်အန္တရာယ်ရှိခြင်းတို့ ဖြစ်လာတတ်တယ်။
● ခွဲမွေးဖူးတဲ့မေမေတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ဖို့ ပိုများပါတယ်။
● ခွဲမွေးပြီးနောက် နာလန်ထူချိန်ကြာတာကြောင့် လိင်ဆက်ဆံရာမှာအဆင်မပြေတာတွေ ဖြစ်လာတတ်တယ်။
● တစ်ခါ ခွဲမွေးပြီးနောက်မှာ နောက်ထပ်ခွဲမွေးရဖို့ များတယ်။
● နောက်ကိုယ်ဝန်တွေမှာ အချင်းအောက်ကျနေတတ်ပြီး သွေးအထွက်များတာ၊ သွေးသွင်းဖို့ လိုနိုင်တာမျိုး ဖြစ်တတ်တယ်။
● နောက်ပိုင်းကိုယ်ဝန်တွေမှာ ကလေးအသေလေး မွေးနိုင်ခြေ ပိုများလာတတ်ပါတယ်။
တစ်ခါခွဲမွေးဖူးပြီးရင် နောက်ပိုင်းကိုယ်ဝန်တွေမှာ ခွဲမွေးရနိုင်ခြေ များပေမယ့် ကိုယ်ဝန်ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးခဲ့ရင် ရိုးရိုးမွေးလို့ ရပါတယ်။
တစ်ခါတလေ မရည်ရွယ်ဘဲ အရေးပေါ် ခွဲမွေးလိုက်ရတာမျိုးဟာ ကလေးအတွက်ရော အမေအတွက်ပါ ကောင်းဖို့အတွက်ချည်းပါပဲ။ ရိုးရိုးမွေးတာက လုံခြုံစိတ်ချရပေမယ့် ခွဲမွေးတာကလည်း အလားတူ စိတ်ချရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















