ရေမြွှာမှာ ဖြစ်တတ်သောပြဿနာများ
>> ရေမြွာရည်များခြင်း
ရေမြွာရည်များခြင်းရဲ့ လက္ခဏာတွေကတော့ -
● မောခြင်း
● ခြေထောက်ဖောရောင်ခြင်း
● ရင်ပူခြင်း
● ဝမ်းချုပ်ခြင်း စတာတွေပါပဲ။
ဒီလက္ခဏာတွေဟာ ကိုယ်ဝန်ဆောင်တိုင်းမှာ ဖြစ်နေကျပြဿနာတွေမို့ ဒါတွေရှိရုံနဲ့ ရေမြွာရည်များတယ်လို့ မဆိုနိုင်ပါဘူး။ ရေမြွာရည်များခြင်းကြောင့် ကလေးစောမွေးခြင်း၊ ကလေးအနေအထားပုံမမှန်ခြင်း၊ ကလေးအချင်းကြိုး ပုံမမှန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
>> ရေမြွာရည်နည်းနေခြင်း
ရေမြွာရည်နည်းခြင်းကြောင့် မွေးခါနီး ကလေးအနေအထား ပြန်မပြင်နိုင်တာ၊ အချင်းကြိုးကို ဖိမိနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒီလိုရေမြွာရည်တွေများစေဖို့ ရေများများသောက်ပေးပါလို့ တိုက်တွန်းကြပေမယ့် မိခင်နဲ့ကလေးမှာ ဘယ်လိုအကျိုးကျေးဇူးတွေ၊ ဘယ်လိုနောက်ဆက်တွဲတွေရှိတယ်ဆိုတာကို သေချာစမ်းသပ်ထားတာမျိုး ခိုင်ခိုင်မာမာမရှိသေးပါဘူး။
>> ရေမြွာရည် သွေးခဲပိတ်ခြင်း
ဒီအခြေအနေဟာ ရုတ်တရက်နှလုံးရပ်ခြင်းနဲ့ လာတတ်ပြီး အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်တော့ သေချာမသိပေမယ့် ၈၀၀၀-၃၀၀၀၀ ကိုယ်ဝန်ဆောင်တိုင်းမှာ ၁ ယောက် ဖြစ်တတ်ပါတယ်။ လက္ခဏာတွေအနေနဲ့ -
● စိတ်တိုခြင်း
● သွေးပေါင်ကျခြင်း
● မောခြင်း
● ကလေးမကောင်းတဲ့လက္ခဏာတွေပြခြင်း
● သွေးခဲခြင်း
● စိတ်အာရုံပြောင်းလဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
ဒီလိုရေမြွာရည်သွေးခဲပိတ်စေတတ်တဲ့ အခြေအနေတွေကတော့ -
ဘယ်လိုလူမျိုးမှာ သွေးခဲပိုပိတ်တတ်တယ်လို့တော့ မပြောနိုင်ပေမယ့် လေ့လာမှုတစ်ခုအရတော့ စပိန်မျိုးနွယ်မဟုတ်တဲ့ လူမည်းအမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ လေ့လာမှုနှစ်ခုလောက်မှာ အသက်ကြီးရင် ပိုဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
>> နောက်ထပ်ဖြစ်နိုင်ခြေများစေတာတွေကတော့ -
● ကလေးမွေးတာများခြင်း
● သန္ဓေသားယောက်ျားလေးဖြစ်နေခြင်း
● ထိခိုက်မိခြင်း
● ဆေးနဲ့ဗိုက်နာလာအောင်၊ သားအိမ်ညှစ်အောင် အားပေးခြင်း
● ခွဲမွေးခြင်း
● အချင်းရှေ့ရောက်ခြင်း
● သားအိမ်ခေါင်းပြဲခြင်း
● သားအိမ်ကွဲထွက်ခြင်း စတာတွေပါပဲ။
ဒီလိုဖြစ်ပြီးနောက်မှာ ကိုယ်ဝန်ဆောင်မေမေတို့ အသက်ရှင်တာ နည်းပါတယ်။ ဒါပေမဲ့ ရှင်သွားရင်တော့ နောက်ပိုင်းလည်း ကောင်းကောင်းမွန်မွန် ကိုယ်ဝန်ပြန်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ သွေးခဲပိတ်စေတဲ့ တိတိကျကျ အကြောင်းရင်းရယ်လို့တော့ မသိရသေးပါဘူး။
>> ရေမြွာအိတ်ပိုးဝင်ခြင်း
ရေမြွာအိတ်ပိုးဝင်တာဟာ ရေမြွာအိတ်အလွှာ နှစ်ခုလုံး ရောင်ရမ်းတာပါ။ မိန်းမကိုယ်ပိုးဝင်ရာကနေ ရေမြွာအိတ်ရော၊ အရည်ရော၊ အချင်းရောမှာပါ ဘက်တီးရီးယားပိုး ဝင်တာပါ။ မွေးကင်းစကလေးမှာဆိုရင် တစ်ကိုယ်လုံးရောင်ရမ်းခြင်း၊ သွေးဆိပ်တက်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အမေမှာလည်း တင်ပါဆုံခွေတွင်းပိုးဝင်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ မွေးပြီးသွေးသွန်ခြင်း၊ ခွဲမွေးရနိုင်ခြေများခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
● ကလေးမွေးရတာကြာခြင်း
● ရေမြွာရည်နောက်ခြင်း
● မကြာမကြာ မိန်းမကိုယ်အောက်ပိုင်း လက်ထည့်စမ်းရခြင်း စတဲ့ အကြောင်းရင်းတွေကြောင့်မို့ ပိုးဝင်တတ်ပါတယ်။
အခုနောက်ပိုင်းမှာ ရေမြွာရည်ပင်မဆဲလ်လေ့လာမှုဟာ အင်မတန် တိုးတက်လာတဲ့လေ့လာမှုတစ်မျိုး ဖြစ်လာပါတယ်။
● တစ်သျှူးပြန်လည်တည်ဆောက်ခြင်း
● အာရုံကြောဆဲလ်တွေတည်ဆောက်ခြင်း
● နှလုံး၊ ကျောက်ကပ်၊ အဆုတ်ဆဲလ်တွေ တည်ဆောက်ခြင်း
● အရိုးနဲ့အရိုးနုတည်ဆောက်ခြင်းတို့မှာ တွင်ကျယ်စွာသုံးလာနိုင်တယ်လို့ ယူဆပါတယ်။
>> နောက်ဆုံးနိဂုံးချုပ်ပြောရမယ်ဆိုရင် -
ရေမြွာရည်ဆိုတာ ဗိုက်ထဲက သန္ဓေသားကလေး အရိုးနဲ့ကြွက်သားတွေသန်မာဖို့နဲ့ ပြင်ပထိခိုက်မှုတွေကို ကာကွယ်ဖို့ အရေးပါပါတယ်။ ရေမြွာရည်သွေးခဲပိတ်ခြင်းလိုမျိုး အခြေအနေတွေဟာ ကောင်းကောင်း လေ့လာထားမျိုး မရှိသေးပါဘူး။ ဘက်တီးရီးယားပိုးဝင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီရေမြွာရည်ကို တစ်သျှူးတွေ၊ ဆဲလ်တွေ တည်ဆောက်ရာမှာ ဘယ်လိုသုံးမယ်ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာမှုကြီးတစ်ရပ် ဖြစ်နေပါတယ်။ ဆက်လက်လေ့လာဖို့လည်း လိုနေပါသေးတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















