/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကင်ဆာရောဂါကို-စစ်ဆေးသိရှိနိုင်မည့်-လွယ်ကူရိုးရှင်းသော-နည်းလမ်းများ

ကင်ဆာရောဂါကို စစ်ဆေးသိရှိနိုင်မည့် လွယ်ကူရိုးရှင်းသော နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကင်ဆာရောဂါကို စောစီးစွာသိရှိခြင်းသည် ကင်ဆာရောဂါကိုအနိုင်ယူရာ၌ အရေးကြီးသော အခန်းကဏ္႑မှ ပါ၀င်နေပါတယ်။ ဒါကြောင့် ယခုအခါမှာ သုတေသီများအနေဖြင့် ကင်ဆာရောဂါများရှိ၊ မရှိစစ်ဆေးနိုင်မည့် ရိုးရှင်းသောနည်းလမ်းများကို ရှာဖွေလျက်ရှိပါတယ်။

 

1. ရူထုတ်လိုက်သောလေကိုစစ်ဆေးခြင်း

        လူတို့ရှုထုတ်လိုက်တဲ့လေထဲမှာ Volatile Organic Compound (VOCs) လို့ခေါ်တဲ့ ဓာတုပစ္စည်းအမျိုး ပေါင်း100 ကျော်ပါ၀င်ပါတယ်။ လေ့လာမှုများအရ အဆုတ်ကင်ဆာနှင့် ရင်သားကင်ဆာရှိသောလူများမှ ရှုထုတ် လိုက်သောလေတွင် ပါ၀င်သော VOCs ရဲ့ အနံ့အသက်ဟာ ကင်ဆာရောဂါမရှိသောသူများထက် ထူးခြားနေတာ ကိုတွေ့ရပါတယ်။အထူးပြုလုပ်ထားတဲ့ အာရုံခံပစ္စည်းများဖြင့် စစ်ဆေးနိုင်ပြီး ထိုကဲ့သို့စစ်ဆေးမှုသည် 85% အထိ တိကျမှန်ကန်မှုရှိတယ်လို့ သိရပါတယ်။

 

2. တံတွေးကိုစစ်ဆေးခြင်း

        ပါးစပ်ဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးကို စူးစမ်းနိုင်တဲ့ ၀င်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားပိုးမွှားများကို စစ်ဆေးခြင်းဖြင့် သွားနှင့်သွားဖုံးရောဂါများကိုသာမက ပန်းကရိယကင်ဆာအပါအ၀င် အချို့သော ကင်ဆာရောဂါများရှိ၊ မရှိကိုသိရှိနိုင်ပါတယ်။ ပန်းကရိယကင်ဆာခံစားနေရသူများ၏ တံတွေးကို စစ်ဆေးခဲ့ကြရာ ၎င်းတို့၏တံတွေးများတွင် အခြားသောသူများနှင့် မတူသော ဘက်တီးရီးယားပိုးမွှားများကို တွေ့ရပါတယ်။

 

3. သွေးနှင့်မစင်ကိုစစ်ဆေးခြင်း

        ကင်ဆာဆဲလ်များရဲ့ DNA များကို သွေးလည်ပတ်မှုများတွင်တွေ့ရလေ့ရှိပါတယ်။ ထို့ကြောင့် သွေးကို စစ်ဆေးခြင်းအားဖြင့် ကင်ဆာဆဲလ်အစိတ်အပိုင်းများအပါအ၀င် အခြားသောကင်ဆာရောဂါနှင့် ဆက်စပ်သော အရာများကို သိရှိနိုင်ပါတယ်။ သွေးထဲရှိ circulating tumor DNA ကိုစစ်ဆေးခြင်းဖြင့် သိရှိနိုင်တဲ့ ကင်ဆာရောဂါများကတော့ -

(1)     ရင်သားကင်ဆာ

(2)     အူမကြီးကင်ဆာ

(3)     အစာရေမျိုပြွန်ကင်ဆာ

(4)     ပန်းကရိယကင်ဆာ တို့ဖြစ်ပါတယ်။

        အူမကြီးကင်ဆာတွင် သွေးနီဥ နှင့် DNA ပြောင်းလဲမှုများသည် အစာအိမ်နှင့် အူလမ်းကြောင်းမှတဆင့်မစင်နှင့် အတူတူရောပါသွားလေ့ရှိကြောင်း၊ မစင်ကိုစစ်ဆေးခြင်းဖြင့် အူမကြီးကင်ဆာရှိ၊ မရှိစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

 

4. CT Scan ၊ MRI ၊ PET Scan

        သိပ္ပံပညာတိုးတက်လာသည်နှင့်အမျှ ကျန်းမာရေးနှင့်ပတ်သက်သော ကိရိယာများလည်း ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ယခုအခါမှာ CT Scan ၊ MRI ၊ PET Scan ရိုက်ခြင်းဖြင့် ကင်ဆာရောဂါရှိ/မရှိကို စစ်ဆေးနိုင်နေပြီ ဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com