ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ နောက်ထပ်ခြေတစ်လှမ်း နီးကပ်လာခြင်း
ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး Pfizer နဲ့ BioNTech ရဲ့ သတင်းထုတ်ပြန်မှုအပြီး တစ်ပတ်အကြာမှာတော့ Moderna ကလည်း အလားတူသတင်းမျိုး ထုတ်ပြန်ခဲ့ပါတယ်။
စမ်းသပ်ချက်တွေအရတော့ Moderna ကာကွယ်ဆေးဟာ ကိုဗစ်ဖြစ်ပွားခြင်းကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Moderna ကထုတ်တဲ့ ကာကွယ်ဆေးဟာလည်း ရောဂါပိုးရဲ့ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အစိတ်အပိုင်းကို လူ့ခန္ဓာထဲထည့်ပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားတက်လာအောင် လှုံ့ဆော်ပေးတာပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို ၂၈ ရက်ခြားပြီး ၂ ကြိမ်ထိုးရမှာပါ။
Moderna ဟာ ဒီကာကွယ်ဆေးကို လူပေါင်း ၃၀,၀၀၀ ကို စမ်းသပ်ခဲ့ရာမှာ အသက် ၆၅ နှစ်နှင့်အထက်က အယောက် ၇၀၀၀ ကျော် အသက် ၆၅ နှစ်အောက် နဂိုရောဂါအခံရှိသူတွေက အယောက် ၅၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ ဒီလို လူပေါင်း ၃၀၀၀၀ ကို စမ်းသပ်ရာမှာ ပထမ ၉၅ ယောက်ကို စမ်းသပ်မှုအပြီးမှာတော့ ကာကွယ်ဆေးထိုးပြီးလို့ ရောဂါကူးစက်ခံရသူဟာ ၅ ယောက်ပဲရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၉၄.၅ ရာခိုင်နှုန်းမှာ ရောဂါကူးစက်မှုကို ကာကွယ်နိုင်တာကို တွေ့ရပါတယ်။ Moderna ရဲ့ စမ်းသပ်မှုတွေထဲမှာ ကိုဗစ်ရောဂါ ပြင်းထန်လူနာ ၁၁ ယောက် ပါရှိပါတယ်။ ကာကွယ်ဆေးရဲ့ ရောဂါပြင်းထန်မှုကို ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်တဲ့အခါ ရလာတဲ့ရလဒ်ကတော့ ရောဂါပြင်းထန်သူ ၁၁ ယောက်ကနေ လုံးဝမရှိတော့တာကို တွေ့ရပါတယ်။ ဒါကြောင့် Moderna ကာကွယ်ဆေးဟာ အသက်ကြီးပိုင်းတွေနဲ့ ရောဂါအခံရှိတဲ့သူတွေမှာ ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။
Moderna အနေနဲ့ ကာကွယ်ဆေးရဲ့ အန္တရာယ်ကင်းမှုရလဒ်ကတော့ ကြီးကြီးမားမား ဆိုးကျိုးမရှိပါဘူးလို့ ပြောထားပါတယ်။ စမ်းသပ်သူ ၁၀ ယောက်မှာ ၁ ယောက်လောက်ပဲ ဆေးထိုးပြီးတဲ့အခါ မောပန်းခြင်း၊ ကြွက်သားနာခြင်း၊ ခေါင်းကိုက်ခြင်းတွေကို ခံစားရပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာတွေဟာ ခဏပဲဖြစ်တာပါလို့ ပြောထားပါတယ်။ ဒါဟာ လေ့လာစမ်းသပ်ဆဲအခြေအနေမှာ တွေ့ရှိရတာကို ဖော်ပြထားတာဖြစ်ပြီး Moderna အနေနဲံ အန္တရာယ်ကင်းနိုင်မှုနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ စိုးရိမ်တာတစ်ခုက ကာကွယ်ဆေးတွေဟာ စမ်းသပ်မှုတွေမှာ အဆင်ပြေမယ့် တကယ့်ကမ္ဘာပေါ်မှာ အသုံးပြုကြည့်တဲ့အခါ စွမ်းဆောင်ရည် ကျသွားလေ့ရှိတာကိုပါပဲ။
Moderna ရဲ့သတင်းထုတ်ပြန်ချက်မှာ မပါတာတစ်ခုက ဘယ်လောက်ကြာကြာ ကာကွယ်မှုပေးနိုင်သလဲ ဆိုတာပါ။ ဒါကတော့ လူအများကို ကာကွယ်ဆေးထိုးပြီးမှ စောင့်ကြည့်ရမယ့် ကိစ္စတစ်ရပ် ဖြစ်လာပါတယ်။
Moderna အနေနဲ့ လာမယ့်ရက်သတ္တပတ်တွေမှာ FDA ကနေ အရေးပေါ်အသုံးပြုခွင့် တောင်းခံသွားမယ်လို့ သိရပါတယ်။ အကယ်၍ FDA ကသာ အသိအမှတ်ပြုခဲ့ရင် Moderna vaccine ဟာ ကမ္ဘာ့ပထမဆုံး ကိုဗစ်ရောဂါ ကာကွယ်ဆေး ဖြစ်လာမှာပါ။
Dr. Aye Hsu Mon (www.drmyanmar.com)















