ကလေးမွေးပြီး ၂၄ နာရီအတွင်းမှာ
များသောအားဖြင့် မေမေတို့ဟာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးနေစဉ်မှာ ဘာတွေတွေ့ကြုံရမယ်ဆိုတာကို မေးမြန်းစုံစမ်းထားတတ်ကြပေမယ့် ကလေးမွေးပြီးပြီးချင်းအချိန်ကို မေ့နေတတ်ကြတယ်။ ကလေးမွေးပြီး ၂၄ နာရီအတွင်းမှာ ဘာတွေ မျှော်လင့်ထားကြမလဲ။
ကလေးမွေးပြီးချိန်မှာ အနည်းဆုံးတော့ ၂၄ နာရီဆေးရုံမှာ နေရတတ်ပါတယ်။ ဒါမှ ဆေးရုံမှာ မေမေရော၊ ကလေးရောကို စောင့်ကြည့်နိုင်သလို လိုအပ်တဲ့စာရွက်စာတမ်းတွေကိုပါ ပြင်ဆင်နိုင်တာပေါ့။
ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး မွေးပြီးပြီးချငး်မှာပဲ ကလေးကို မေမေ့ရင်ဘတ်ပေါ် လာတင်ထားပါလိမ့်မယ်။ ဒါဟာ ကလေးအတွက်တော့ ပြင်ပကမ်ဘာနဲ့ ပထမဆုံး ထိတွေ့တာဖြစ်သလို ခန္ဓာကိုယ်အပူချိန် မျှတစေတာ၊ သွေးပေါင်ချိန်ကို မျှတစေတာ စတဲ့ အကျိုးအာနိသင်တွေကိုလည်း ပေးပါတယ်။
၁။ မွေးပြီးချိန် သန့်ရှင်းရေးပြုလုပ်ခြင်းနဲ့ စောင့်ကြည့်ခြင်း
မွေးပြီးပြီးချင်းမှာ ကလေးကို မိနစ်ပိုင်းလောက် ဘေးကိုခေါ်သွားပြီး သန့်ရှင်းရေးလုပ်၊ ကိုယ်အလေးချိန်ချိန်၊ တိုင်းထွာပြီး ပထမဆုံးစစ်ဆေးမှု APGAR score ဆိုတာကို တွက်ချက်ပါလိမ့်မယ်။ APGAR score မှာ ပါတာတွေက -
● လှုပ်ရှားမှု
● နှလုံးခုန်နှုန်း
● တုံ့ပြန်မှု
● အသားအရောင်
● အသက်ရှူပုံတွေ ပါဝင်ပါတယ်။
ကလေး ကောင်း၊ မကောင်းကို အကြမ်းဖျင်းတွက်ချက်တဲ့ တွက်ချက်မှုတစ်ခုပေါ့။
ဒီလိုလုပ်နေချိန်မှာ မေမေမှာတော့ အချင်းထုတ်နေတုန်းနေမှာပါ။ ပြီးရင်တော့ မွေးလမ်းကြောင်းမှာ ရသွားတဲ့ ထိခိုက်ဒဏ်ရာအပြဲတွေကို ဆရာဝန်၊ ဆရာမတွေက ပြုပြင်ဖာထေးပေးပါလိမ့်မယ်။
ကလေးကိုလည်း မျက်စိ ပိုးမဝင်အောင် မျက်စဉ်းခပ်တာ၊ သွေးခဲခြင်းကို ထောက်ပံ့ပေးတဲ့ ဗီတာမင်ကေ ထိုးတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။
၂။ ပထမဆုံးအကြိမ် နို့တိုက်ခြင်း
သေချာသန့်စင်ပြီးသွားပြီဆိုရင် ကလေးကို ပထမဆုံး နို့တိုက်ချိန် ရောက်လာပါပြီ။
သူနာပြုက ကလေးကို ရင်ဘတ်ပေါ်တင်ပေးပြီး နို့ကို ကောင်းကောင်းငုံနိုင်အောင် အနေအထား ပြုပြင်ပေးလိမ့်မယ်။ နို့တိုက်တာဟာ မေမေတို့အတွက်ရော ကလေးအတွက်ပါ သင်ယူစရာတွေ အမျာကြီးရှိပြီး ထင်သလောက် မလွယ်ကူလှပါဘူး။ အိမ်မပြန်ခင်မှာလည်း ဆရာမတွေကို နို့တိုက်နည်းအမှန် သေချာမေးမြန်းစေချင်ပါတယ်နော်။
၃။ ကလေးနဲ့မေမေတို့ဆီလာတဲ့ ဧည့်သည်တွေ
ကလေးလေးမွေးပြီးပြီဆို ကလေးကြည့် သတင်းမေး ဧည့်သည်တွေ အများကြီးလာတော့မှာပေါ့။
မွေးပြီးပြီးချင်း နာရီပိုင်းလောက်အထိ သွေးတွေထွက်နေတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်၊ ရေခဲကပ်၊ လစဉ်သုံးတွေခံပြီး ဒီအချိန်တွေကို ဖြတ်သန်းနိုင်ပါတယ်။ အဝတ်အစားလဲတာ၊ ကိုယ်နေဟန်ပြောင်းတာ၊ ဧည့်သည်လက်ခံတာတွေကိုလည်း ခင်ပွန်းသည်နဲ့ အိမ်သားတွေရဲ့ အကူအညီနဲ့ လုပ်နိုင်ပါတယ်။
၄။ နာလန်ထူခြင်းနဲ့ အိပ်စက်ခြင်း
ကလေးရော မေမေတို့ပါ မွေးပြီးပြီးချင်းမှာ ကောင်းကောင်း အိပ်သင့်ပါတယ်။
ဆေးရုံမှာ အိပ်ခွင့်ရတုန်း ကောင်းကောင်းအိပ်ထားပါ။ ကလေးကို ၂ နာရီခြားတစ်ခါလောက် နှိုးနှိုးပြီး နို့တိုက်ဖို့ လိုပါတယ်။ နို့တိုက်တိုင်းမှာ ကလေး နို့ကောင်းကောင်း စို့ဦးမှာ မဟုတ်ပါဘူး။
မကြာခင်မှာ ဆီးသွား၊ ဝမ်းသွားဖို့နဲ့ ရေချိုးဖို့ လိုအပ်လာမှာပါ။ အာရုံကြော အရည်ထုံဆေး ထိုးထားခဲ့ရင် လမ်းလျှောက်ဖို့ အရှိန်ကုန်တဲ့အထိ စောင့်ရပါလိမ့်မယ်။ တချို့တွေမှာတော့ မွေးပြီး သိပ်မကြာခင်မှာဘဲ ဆေးအရှိန် ကုန်သွားတတ်ပါတယ်။ တချို့တွေမှာတော့ နာရီအတန်ကြာ ထုံနေတတ်ပါတယ်။
ကလေးမွေးချိန်မှာရော မွေးပြီးချိန်မှာပါ သွေးတွေ အများကြီးဆုံးရှုံးနိုင်လို့ အနည်းငယ် မူးဝေနေတတ်ပါတယ်။ ဒါကြောင့် ပထမဆုံး အိမ်သာသွား၊ ရေချိုးချိန်မှာ အကူအညီယူဖို့ လိုပါတယ်။
လူတိုင်း တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်တဲ့အတွက် ပင်ပန်းနွမ်းနယ်ပြီး နာကျင်နေရင်လည်း နေမယ်၊ ခွဲမွေးထားတာကနေ ကောင်းကောင်း နာလန်ထူရင်လည်း ထူမယ်၊ အကောင်းပကတိအတိုင်း ရှိနေရင်လည်း ရှိမယ်။ ဒါကြောင့် အရမ်းကြီး မစိုးရိမ်ပါနဲ့နော်။
၅။ နောက်ထပ်စစ်ဆေးမှုတွေ
ဆေးရုံမဆင်းခင်မှာ ခြေဖနောင့် သွေးစစ်ဆေးဖို့ လိုပါတယ်။ အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး ထိုးပြီးတော့ တစ်ကိုယ်လုံးကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။
ကလေးမွေးစာရင်းတွေလိုမျိုး စာရွက်စာတမ်းတွေကိုလည်း ဆေးရုံမှာပဲ ပြင်ဆင်သွားရလိမ့်မယ်။
ရိုးရိုးမွေးပြီး ထူးထူးခြားခြားပြဿနာမရှိရင် မွေးပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ အိပ်ပြန်လို့ရပါပြီ။ ခွဲမွေးပြီး ထူးထူးခြားခြားပြဿနာမရှိရင် ၂ ရက်ကနေ ၃ ရက်လောက်အတွင်း အိမ်ပြန်နိုင်ပါတယ်။ အိမ်မပြန်ခင်မှာ မေးစရာရှိတာတွေကို သေချာမေးမြန်းသွားဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















