ကိုဗစ်ကာကွယ်ဆေးက ရရှိမယ့် ကိုယ်ခံအား
ကိုဗစ်ကာကွယ်ဆေးတွေ ထိုးကြတဲ့အခါ ကာကွယ်ဆေးကရတဲ့ ကိုယ်ခံအားဟာ ဘယ်လောက်ထိ ခံနိုင်သလဲဆိုတာ လူတိုင်း သိချင်လာမှာပါပဲ။
စိတ်လည်း စိတ်ချရတယ်၊ အကျိုးလည်းရှိတယ်လို့ WHO က အရေးပေါ်သုံးခွင့်ပြုလိုက်တဲ့ ကာကွယ်ဆေးတွေ အမျိုးမျိုးပေါ်လာပါပြီ။ ကာကွယ်ဆေးအသစ် ပေါ်လာပြီးတဲ့နောက်မှာ ကူးစက်မှုကို တားဆီးနိုင်စွမ်းနဲ့ ရောဂါကို ကာကွယ်နိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို လေ့လာမှုသုတေသနတွေ ပြုလုပ်ခဲ့ကြပါတယ်။
လေ့လာမှုတွေအရ Pfizer နဲ့ BioNTech က ဆေးထိုးပြီး ၆ လအကြာထိကို ၉၁.၃% ထိ ကာကွယ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
Moderna ကာကွယ်ဆေးကလည်း ဒုတိယအကြိမ်ထိုးပြီးနောက် ၆ လအကြာမှာ ၉၄% ကာကွယ်နိုင်စွမ်းရှိသေးကြောင်း တွေ့ရပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးကြောင့် ရတဲ့ ကိုယ်ခံစွမ်းအားဟာ ၆ လထက် ပိုကြာကြာခံမယ်လို့ ယူဆရပါတယ်။
ဒီ ၆ လဟာ အရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီးတော့ နောက်ထပ်တဖြည်းဖြည်းချင်း ဆက်လေ့လာသွားရမှာ ဖြစ်ပါတယ်။
Decolgen IA 1

ဒီကာကွယ်ဆေးတွေရဲ့ ကာကွယ်နိုင်မယ့်ကြာချိန်ဟာ ဒီကပ်ရောဂါကြီး အရမ်းမဆိုးရွားအောင် တားဆီးတဲ့နေရာမှာ အထူးအရေးပါပါတယ်။ ကာကွယ်နိုင်မယ့်ကြာချိန် တိုလေလေ ဗိုင်းရပ်စ်ကူးစက်နှုန်းကို တားဆီးနိုင်စွမ်း နည်းလေလေပါပဲ။
နောက်တစ်နည်းဆိုရရင် ကာကွယ်ဆေးထိုးထားတဲ့သူ ကိုယ်ခံအားရှိသူများလေလေ ရောဂါကူးစက်မှုနည်းလေလေပါပဲ။ ထို့အတူ ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံများလေလေ ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးနိုင်လေ ဖြစ်ပါတယ်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းတွေအားလုံးက တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနှံနိုင်ရေးကို ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။
Decolgen IA 2

>> သဘာဝကိုယ်ခံစွမ်းအားဆိုတာ ဘာလဲ?
ရောဂါဖြစ်ပြီးနောက် အလိုလိုပေါ်ပေါက်လာတဲ့ ကိုယ်ခံစွမ်းအားကို သဘာဝကိုယ်ခံစွမ်းအားလို့ ခေါ်ပါတယ်။ လေ့လာသူတွေက ကိုရိုနာဗိုင်းရပ်စ်ကို ကိုယ်ခန္ဓာက ဘယ်လိုနည်းလမ်းနဲ့ တုန့်ပြန်တယ်ဆိုတာကို မသိရသေးတာကြောင့် ကိုယ်ခံစွမ်းအားက ဘယ်လောက်ခံမယ်ဆိုတာကို မှန်းဆမရဘူးလို့ ဆိုပါတယ်။ ကိုဗစ်ဖြစ်ပြီး ကျန်ခဲ့တဲ့ သဘာဝကိုယ်ခံစွမ်းအားကတော့ အများဆုံး ၈ လလောက်ထိ ခံနိုင်တယ်လို့ SCIENCE စာစောင်မှာ ထုတ်ပြန်ထားပါတယ်။
အများအားဖြင့် ကာကွယ်ဆေးကရတဲ့ ကိုယ်ခံစွမ်းအားဟာ ပိုကြာကြာခံသလို ပိုလည်းအားကောင်းပါတယ်။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ရင်တော့ လေ့လာဖို့တွေ ကျန်ပါသေးတယ်။
Pfizer နဲ့ Moderna တို့ကတော့ သူတို့ရဲ့ကာကွယ်ဆေးဟာ နောက်ထပ်အသစ်ပေါ်လာတဲ့ မျိုးကွဲတွေအတွက် ထပ်ထိုးဖို့ လို/မလို၊ မျိုးရိုးဗီဇပြောင်းထုတ်ဖို့ လို/မလို လေ့လာနေကြပါတယ်။ ဒီကပ်ရောဂါကြီးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် အခုချိန်မှာတော့ လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ကြဖို့က အရေးအကြီးဆုံးပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















