/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်ကာကွယ်ဆေး-မထိုးရသေးရင်

ကိုဗစ်ကာကွယ်ဆေး မထိုးရသေးရင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ရောဂါ စတင်ပေါ်ပေါက်လာတာ နှစ်နှစ်နီးပါးရှိပြီဖြစ်လို့ ကိုဗစ်ကာကွယ်ဆေးတွေလည်း အထိုက်အလျောက် ထွက်ရှိလာကြပါပြီ။ ဒါ့အပြင် နိုင်ငံတိုင်းလိုလိုမှာ ကိုဗစ်ကာကွယ်ဆေး ရရှိပြီးဖြစ်သလို ကာကွယ်ဆေးတွေထိုးနှံပြီးတဲ့သူတွေလည်း တော်တော်များများ ရှိလာကြပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက နိုင်ငံတော်တော်များများမှာ ကိုဗစ်တတိယလှိုင်း ဖြစ်ပွားခဲ့ပြီး လူတော်တော်များများ ပြင်းထန်ကိုဗစ်ဖြစ်ကာ အသေအပျောက်လည်း များခဲ့ကြပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ Delta မျိုးကွဲကြောင့် ဖြစ်ရတာပါ။ Delta မျိုးကွဲဟာဆိုရင် ကူးစက်မြန်ပြီး ရောဂါလက္ခဏာတွေလည်း ပိုမိုပြင်းထန်တာကို တွေ့ရပါတယ်။

ဗိုင်းရပ်စ်တို့ရဲ့ သဘာဝအရ ဗီဇပြောင်းပြီး မျိုးကွဲအသစ်တွေကတော့ ဆက်ဖြစ်နေဦးမှာပါ။ မျိုးကွဲတွေဘယ်လိုပဲ အသစ်ထွက်နေပါစေ ဒီမျိုးကွဲကြောင့် ကိုဗစ်ကူးစက်မှုနဲ့ ရောဂါပြင်းထန်မှုကို လျှော့ချဖို့ဆိုရင်တော့ ကာကွယ်ဆေးတွေဟာ မရှိမဖြစ် အရေးပါလာပါတယ်။

Decolgen IA 1

ကာကွယ်ဆေးမထိုးရသေးရင် ဘာဖြစ်နိုင်သလဲ?
ကိုဗစ်ကာကွယ်ဆေးတွေဟာ ပြင်းထန်ကိုဗစ်မဖြစ်အောင် ကာကွယ်ပေးလို့ ပြင်းထန်ကိုဗစ်ကြောင့် ဆေးရုံတတ်ရတာနဲ့ ကိုဗစ်ကြောင့် သေဆုံးတယ်ဆိုတာဟာ ကာကွယ်ဆေးထိုးပြီးသူတွေမှာ မရှိသလောက်ပါပဲ။ ကာကွယ်ဆေးတိုင်းဟာ ကိုဗစ်ကူးစက်မှုကို ရာနှုန်းပြည့် မကာကွယ်ပေးနိုင်တာကြောင့် ကာကွယ်ဆေး ထိုးနှံပြီးသူတွေအနေနဲ့လည်း ကိုဗစ်ကူးစက်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့် လူနည်းစုသာ ကူးစက်ခံရပြီး ယေဘုယျအားဖြင့် ရောဂါလက္ခဏာမပြတာ (သို့) အပျော့စားလက္ခဏာတွေပဲ ရှိတတ်ပါတယ်။

Centre of Disease Control and Prevention (CDC) ရဲ့ ပြောကြားချက်အရ ကာကွယ်ဆေး မထိုးထားသူတွေဟာ ကိုဗစ်ရောဂါ ကူးစက်နိုင်ချေမြင့်ပြီး ရောဂါဖြစ်ခဲ့ရင်လည်း ပိုမိုပြင်းထန်နိုင်ပါတယ်။ ကာကွယ်ဆေး မထိုးရသေးသူတွေဟာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူတွေနဲ့ ယှဉ်လိုက်ရင် ကိုဗစ်ကူးစက်နိုင်ချေ (၅) ဆ ပိုများပြီးတော့ ပြင်းထန်ကိုဗစ်ဖြစ်လို့ ဆေးရုံတက်နိုင်ချေဟာ (၂၉) ဆ ပိုများပါတယ်။

Decolgen IA 2

ကာကွယ်ဆေး မထိုးထားသူတွေအနေနဲ့ ကိုဗစ်ကူးစက်နိုင်ချေကို ဘယ်လိုလျှော့ချလို့ရသလဲ?
●  အတတ်နိုင်ဆုံး အိမ်ထဲမှာသာနေပါ။ မဖြစ်မနေ လိုအပ်မှသာ အပြင်ထွက်ပါ။
●  အပြင်သွားတိုင်း နှာခေါင်းစည်း တပ်ပါ။
●  အပြင်သွားတဲ့အခါ လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေကို ရှောင်ပါ။
●  တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာမှာ နေပါ။
●  ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး မကြာခဏ လက်ဆေးပါ။ ဆပ်ပြာနဲ့ရေ အလွယ်တကူ မရနိုင်ပါက အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည် အသုံးပြုပါ။
အသုံးပြုဖို့ ထောက်ခံချက်ရပြီးသား ကိုဗစ်ကာကွယ်ဆေးတိုင်းဟာ ကိုဗစ်ကူးစက်တာကို ကာကွယ်ပေးနိုင်သလို၊ ရောဂါပိုးကူးစက်ခဲ့ရင်လည်း ပြင်းထန်ကိုဗစ်အထိ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဟာ  မိမိကိုယ်ကို ကိုဗစ်အန္တရာယ်မှ ကာကွယ်နိုင်ရုံသာမက အကြောင်းကြောင်းကြောင့် ကာကွယ်ဆေးထိုးလို့မရတဲ့သူတွေ (ဥပမာ - အသက် ၁၂ နှစ်အောက် ကလေးများ) ကိုပါ ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိမိတို့အနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အဆင်ပြေတယ်ဆိုရင် မတုံ့မဆိုင်းဘဲ  ထိုးကိုထိုးထားသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)