ကိုဗစ်ဖြစ်ပြီးနောက် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေရင် ဒီနည်းလမ်းတွေ ကြိုးစားကြည့်ပါ
ရောဂါဆိုးကြီးကို ကြိုးစားတိုက်ထုတ်ခဲ့ရတာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်သွားကြမှာ အမှန်ပါပဲ။ ရောဂါဒဏ်ကြောင့် အားယုတ်သွားတဲ့ခန္ဓာကိုယ်ရော စိတ်အင်အားကိုပါ ဒီနည်းလမ်းတွေနဲ့ အားဖြည့်ကြည့်ပါ။
၁။ လေ့ကျင့်ခန်းလုပ်ပါ။
ကိုဗစ်ကို ကျော်လွန်နိုင်ဖို့ အကောင်းဆုံးနည်းကတော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်တာပါပဲ။ အရမ်းမပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လမ်းလေးလျှေက်တာလောက်နဲ့လည်း ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုတွေကို ဖြေလျော့ပေးပြီး စိတ်ခံစားချက်ကို သာယာစေနိုင်တဲ့ endorphin ဆိုတဲ့ ဟော်မုန်းကို ထွက်စေပါတယ်။ လေ့ကျင့်ခန်းက စိတ်ရှုပ်လာတဲ့အချိန်မှာ ထွက်လာတဲ့ဟော်မုန်းကိုလည်း လမ်းလွှဲပေးပါတယ်။ အပြင်ဘက်ထွက်မရဘူးဆိုရင်တောင် အိမ်ထဲမှာပဲ ယောဂလုပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။
Decolgen IA 1

၂။ စိတ်ရှုပ်တဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြပါ။
ကိုယ့်ရဲ့စိတ်ရှုပ်စရာအကြောင်းတွေ၊ စိတ်လှုပ်ရှားစရာလေးတွေကို ကိုယ့်မိသားစု၊ သူငယ်ချင်းဖြစ်စေ၊ ကျွမ်းကျင်သူတွေဆီမှာဖြစ်စေ ရင်ဖွင့်ပြောဆိုပါ။ မပြောဘဲနဲ့ မိမိဘာသာ ကြိတ်ပြီးဖြေရှင်းတာက အဖြေမဟုတ်ပါဘူး။ စိတ်ထဲ စုပုံလာပြီးတော့ ပေါက်ကွဲထွက်တတ်ပါတယ်။
၃။ ကိုယ့်အတွေးကို ပြန်လည်တည်ဆောက်ပါ။
ကိုယ်ကိုယ်တိုင်ကိုရော သူတစ်ပါးကိုပါ ကိုယ်ချင်းစာစိတ်ရှိပါ။ ခံစားချက်ဆိုတာ ဖြစ်နေတဲ့အခြေအနေပေါ် မူတည်ပြီး ကိုယ့်အတွေးကနေ ပေါ်လာတာပါ။ ဖြစ်တဲ့အခြေအနေကို မပြောင်းလဲနိုင်ပေမယ့် ကိုယ့်အတွေးကိုတော့ ပြောင်းလဲနိုင်ပါတယ်။ ငါ အကောင်းဆုံး လုပ်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးပါ။
၄။ စိတ်တည်ငြိမ်မှုနဲ့ ကျေးဇူးတင်တတ်မှုကို လေ့ကျင့်ပါ။
လတ်တလောအခြေအနေမှာ နေတတ်အောင် လေ့ကျင့်ပါ။ အသက်ကို ရှူသွင်းရှူထုတ်လုပ်ပြီး ကိုယ့်ဘေးပတ်ဝန်းကျင်က အရာလေးတွေကို ကြည့်ကြည့်ပါ။ လူတွေဟာ မဖြစ်လာသေးတဲ့ အနာဂတ်အကြောင်းတွေ၊ ပြီးဆုံးသွားခဲ့တဲ့ အတိတ်အကြောင်းတွေကို တနုံ့နုံ့နဲ့ စဉ်းစားပြီး စိတ်ညစ်တတ်ကြပါတယ်။ အခုတော့ ကိုယ် လက်ရှိလုပ်နေတဲ့အရာပေါ်မှာပဲ အာရုံစူးစိုက်ထားပါ။
Decolgen IA 2

၅။ တစ်နေ့ချင်း တစ်ရက်ချင်း၊ အချိန်တစ်ချိန်ချင်းစီ ကျော်ဖြတ်ပါ။
အဝေးကြီးကို လှမ်းမကြည့်ပါနဲ့။ လူတိုင်းမှာ ကောင်းတဲ့နေ့၊ ဆိုးတဲ့နေ့၊ ကောင်းတဲ့အချိန်၊ ဆိုးတဲ့အချိန်ရယ်လို့ ရှိပါတယ်။ ဒါတွေဟာ လှိုင်းလုံးတွေလိုမျိုး ဝင်လာတတ်ပါတယ်။ အခုတော့ တော်တော်ဆိုးနေတယ်ဆိုပြီး တွေးမိတာ ကိစ္စမရှိပါဘူး။ ဘယ်လိုနေသာသလို နေမလဲဆိုတာကိုသာ စဉ်းစားပါ။
၆။ ကိုယ့်ကိုယ်ကိုယ် ညှာပါ။
ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံရမယ်လို့ မတွေးပါနဲ့။ ကိုဗစ်ကို ကျော်လွှားရမယ်လို့ ဘယ်သူမှ ကြိုမသိခဲ့ကြပါဘူး။ ဖြတ်ကျော်ရင်းနဲ့မှ လေ့လာသင်ယူနေရတာပါ။
၇။ ရယ်မောခွင့်ပြုပါ။
ရယ်မောတာဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ရယ်မောခြင်းဟာ ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပြီးတော့ ရေရှည်ကျန်းမာရေးအတွက်ပါ ကောင်းပါတယ်။ ဘာမှရယ်မောစရာမရှိရင်တောင် ဟာသကားတစ်ခုခုကြည့်တာ၊ ဟာသလေးတွေ ဖတ်တာမျိုး လုပ်ကြည့်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















