/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်ဖြစ်ဖို့-အလားအလာ-ပိုများစေသော-နှလုံးရောဂါအခြေအနေများ

ကိုဗစ်ဖြစ်ဖို့ အလားအလာ ပိုများစေသော နှလုံးရောဂါအခြေအနေများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ရောဂါ စတင်ဖြစ်ပေါ်စဉ်ကတည်းကပင် သက်ကြီးရွယ်အိုတွေနှင့် ကျန်းမာရေးမကောင်းသူတွေဟာ ပိုမိုကူးစက်နိုင်ကြောင်း ဆရာဝန်များက အသိပေးခဲ့ကြပါတယ်။ ဒီလို အထူးဂရုစိုက်ရမယ့်သူတွေထဲမှာ နှလုံးရောဂါရှိသူတွေလည်း အပါအဝင် ဖြစ်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါ နှလုံးရောဂါတွေ ရှိနေပြီလား ...

(၁)  နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးရှိ ပင်မသွေးကြောများတွင် ကိုလက်စထရောများ စုပုံခြင်းကြောင့် နှလုံးသွေးကြောများ ကျဉ်းမြောင်းရာကနေ နှလုံးဆီသို့ သွေးပို့ဆောင်မှုအားနည်းခြင်းကို ဖြစ်စေပါတယ်။

(၂)  နှလုံးစွမ်းဆောင်ရည် ကျဆင်းသောရောဂါ
ကိုယ်ခန္ဓာတစ်ခုလုံးဆီသိ့ု သွေးပို့နိုင်လောက်အောင် နှလုံးကကောင်းစွာ သွေးမညှစ်နိုင်သော ရောဂါဖြစ်ပါတယ်။ သွေးအလုံအလောက်မရရှိပါက ကိုယ်အစိတ်အပိုင်းတွေမှာ ရှိသင့်တဲ့ အောက်ဆီဂျင်မရနိုင်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

(၃)  နှလုံးအဆို့ရှင်ပြဿနာများ
နှလုံးအဆို့ရှင်များ အလွန်ကျဉ်းမြောင်းနေခြင်း သို့မဟုတ် အဆို့ရှင်မလုံခြင်းတို့ ဖြစ်ပေါ်ပါက နှလုံးဆီသို့ လိုတာထက်ပိုပြီး ဖိအားသက်ရောက်စေနိုင်ပါတယ်။

(၄)  နှလုံးကြွက်သားဆိုင်ရာရောဂါ
နှလုံးကြွက်သားများ ထူလာရာကနေ တောင့်တင်းမှုဖြစ်ပေါ်လာပြီးနောက် သွေးများကို ကောင်းစွာညှစ်မထုတ်နိုင်ဘဲ နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

(၅)  နှလုံးအစားထိုးထားသူများ
နှလုံးအစားထိုးထားသူများအနေနှင့် ကိုယ်ခံအားကျစေသော ဆေးများကို သောက်ရတဲ့အတွက် ကူးစက်ရောဂါများဖြစ်စေဖို့ အလားအလာများလှပါတယ်။

အထက်ပါနှလုံးရောဂါများ ရှိနေသူတွေအနေနှင့် အောက်ဖော်ပြပါအချက်တွေကို လိုက်နာခြင်းဖြင့် ကိုဗစ်မကူးစက်အောင် ကာကွယ်နိုင်ပါတယ်။
●  လက်ကို မကြာခဏဆေးကြောပါ။ လက်ဆေးတဲ့နေရာမှာ ရေနှင့်ဆပ်ပြာကိုသုံးပြီး စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။ ရေဖြင့်ဆေးဖို့ မလွယ်ပါက အနည်းဆုံး အယ်ကိုဟော ၆၀% ပါသော လက်သန့်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။
●  မိမိလက်တွေ မသန့်ဘူးဟု ခံစားရပါက မျက်နှာကို လက်ဖြင့် တတ်နိုင်သမျှ မထိပါနှင့်။
●  ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းများ ပြုလုပ်ရာတွင် ပါးစပ်နှင့်နှာခေါင်းကို တစ်ရှူး (သို့) တံတောင်ကွေးဖြင့် အုပ်ပါ။ ပြီးတာနှင့် လက်ကိုချက်ချင်းဆေးပါ။
●  အိမ်ရှိ တံခါးလက်ကိုင်ဘုများ၊ ဖုန်းများ၊ စားပွဲပြင်များ၊ မီးဖိုချောင် စသည့် လူအထိအတွေ့များသော နေရာများကို ပိုးသတ်ဆေးမကြာခဏဖျန်းပါ။
●  နေမကောင်းဖြစ်နေသူများနှင့် ဝေးဝေးတွင်နေပါ။
●  အိမ်ပြင်ထွက်ရတဲ့အခါတိုင်း social distancing နည်းစဉ်များကို လိုက်နာပါ။
●  Mask တပ်ပါ။ လိုအပ်ပါက face shield အသုံးပြုပါ။
●  အာဟာရပြည့်ဝအောင် စားပါ။ အိပ်ရေး၀၀ အိပ်စက်ပါ။
●  မပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
●  မိမိသောက်ရမယ့် ဆေးများကို အနည်းဆုံး ၂ ပတ်စာခန့် ကြိုတင်စုဆောင်းပါ။
●  မိမိရောဂါနှင့် ပတ်သက်ပြီး သိလိုသမျှကို မေးနိုင်ရန် ဆရာဝန်နှင့် အဆက်အသွယ် အမြဲပြုလုပ်ပါ။ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာသည်ဟု ခံစားရပါက ချက်ချင်းအကြောင်းကြားပါ။
●  နှလုံးအမောဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာများ စတင်ခံစားရပြီဆိုတာနှင့် ချက်ချင်းဆေးရုံသို့ သွားပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)