ကိုဗစ် ကပ်ရောဂါကာလတွင် မိမိကိုယ်မိမိ သတ်သေမှုများ များပြားလာ
ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကိုဗစ်ရောဂါကြောင့် Stay at Home စည်းကမ်းများ ချမှတ်ထားသည့်အချိန်၌ မိမိကိုယ်ကိုသတ်သေမှုတွေ များလာတာကို တွေ့နေရပါတယ်။ ဒီလို မိမိကိုယ်ကိုသတ်သေနှုန်းတွေဟာ နဂိုတည်းက တက်နေပြီးသားလား၊ ကပ်ရောဂါဖြစ်မှ တက်လာတာလား ဆိုတာကတော့ သိချင်နေကြတဲ့မေးခွန်းပါ။ ဒါကို သိရဖို့ဆိုရင် အချက်တွေအများကြီး ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။ လူသားတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေ ယိုယွင်းလာခြင်း ရှိ၊ မရှိ စိတ်ကျန်းမာရေး စစ်ဆေးပေးနိုင်သည့် ဝန်ဆောင်မှုများ ကောင်းစွာ ရှိ၊ မရှိ ကိုဗစ်ကူးစက်ခံရသူတွေမှာ မိမိကိုယ်ကို အန္တရာယ်ပြုချင်စိတ်များ၊ အပြုအမှုများ ဖြစ်ပွားနိုင်ခြင်း ရှိ၊ မရှိနဲ့ အရင် (၂၀၀၃) ခုနှစ် SARS ရောဂါဖြစ်ပွားခဲ့တုန်းက ကိုယ့်ကိုယ်ကို သတ်သေမှုတွေမြင့်တက်ခဲ့ခြင်း ရှိ၊ မရှိ ပြနေတဲ့ အထောက်အထားတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အကြမ်းဖျင်း လေ့လာချက်တွေအရတော့ ကိုဗစ်ကာလမှာ Suicide လုပ်နိုင်တဲ့နှုန်းဟာ မြင့်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အတိအကျပြောနိုင်တဲ့ သက်သေအထောက်အထားတော့ မရှိပါဘူး။
>> Suicide ကို ကာကွယ်ဖို့မလုပ်ခင် ဘာတွေကို အရင်သိထားသင့်သလဲ?
လူတစ်ယောက်မှာ Suicide လုပ်နိုင်ချေရှိတဲ့ အခြေအနေတွေ ရှိ၊ မရှိကို အရင်ဆုံး သိထားသင့်ပါတယ်။ ပြီးရင် ဘာကြောင့် ဒီအခြေအနေတွေ ပိုဆိုးစေသလဲဆိုတာကိုပါ သိထားသင့်ပါတယ်။ ၂၀၀၀ ခုနှစ်ကစလို့ ကြည့်လိုက်ရင် ၂၀၁၉ ခုနှစ်ဟာ အင်္ဂလန်နိုင်ငံမှာ မိမိကိုယ်ကို သတ်သေနှုန်းဟာ အမြင့်ဆုံးရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ လူငယ်တွေကြားမှာ ကိုယ့်ကိုကိုယ်သတ်သေမှုတွေ နည်းခဲ့ပေမယ့် ၂၀၁၀ နောက်ပိုင်းကစပြီး အသက် ၁၀ နှစ်နဲ့ ၂၄ နှစ်အတွင်း ငယ်ရွယ်တဲ့သူတွေ သတ်သေတာ များလာတာကို တွေ့ရပါတယ်။ ဒါကြောင့် suicide ကို ကာကွယ်ဖို့ဆိုရင် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မညီမျှမှုတွေကိုသာမက လက်ရှိဖြစ်ပေါ်နေတဲ့ ခေတ်ရေစီးကြောင်းကိုပါ နားလည်ထားသင့်ပါတယ်။
>> ဘယ်လိုအခြေအနေတွေက Suicide လုပ်စေတာလဲ?
အစကတည်းက ရှိနေပြီးသားဖြစ်တဲ့ ပြဿနာတွေဟာ ကပ်ရောဂါကြောင့် ပိုဆိုးလာတဲ့အခါ Suicide လုပ်နှုန်းတွေလည်း မြင့်တက်လာရပါတယ်။ ဒီပြဿနာတွေကတော့ -
● စိတ်ဓာတ်ကျခြင်း
● စိတ်ထိခိုက်စေမယ့်အခြေအနေတစ်ခု ကြုံလိုက်ပြီးနောက် စိတ်ဖိစီးမှုရခြင်း
● မျှော်လင့်ချက်မရှိခြင်း၊ အထီးကျန်ခြင်း
● အလုပ်အကိုင်မရှိခြင်း
● မူးယစ်ဆေးဝါးသုံးစွဲခြင်း
● အိမ်တွင်းအကြမ်းဖက်မှုများ
● ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု
● ငွေကြေးပြဿနာတွေပဲ ဖြစ်ပါတယ်။
ခြုံကြည့်လိုက်ရင်တော့ Suicide လုပ်တယ်ဆိုတာ စီးပွားရေး ကျဆင်းလာလို့ရယ်၊ စိတ်ကျန်းမာရေးပြဿနာတွေရယ်ကြောင့် ဖြစ်ရတာပါ။
ကမ္ဘာ့ကပ်ရောဂါကြောင့် Suicide လုပ်နှုန်း တက်လာတဲ့အပေါ် သက်ရောက်မှု ရှိ၊ မရှိကတော့ ခုလောလောဆယ်ပြောဖို့ဆိုတာ စောလွန်းပါသေးတယ်။ ကပ်ရောဂါရဲ့သက်ရောက်မှုဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံတော့ မတူပါဘူး။ နိုင်ငံတစ်နိုင်ငံအတွင်းမှာတောင်မှ ပြည်သူတွေအပေါ်မှာ သက်ရောက်ပုံချင်း တူမှာမဟုတ်ပါဘူး။ နိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး Suicide လုပ်နှုန်းဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲသွားပါလိမ့်မယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















