ကိုယ့်လက်ချောင်းကိုယ် ကိုက်စားတဲ့ အိန္ဒိယနိုင်ငံမှ မောင်နှမ
အိန္ဒိယနိုင်ငံမှ အသက် 7 နှစ်အရွယ် Manisha နဲ့ အသက် 5 နှစ်အရွယ် Dinkal Patel မောင်နှမနှစ်ယောက် ဟာ သူတို့ရဲ့လက်ချောင်းတွေကို ကိုက်စားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်ရပ်ဟာ မောင်နှမနှစ်ယောက်အိမ်မှာ ကစားနေတုန်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ Monisha နဲ့ Patel တို့ရဲ့ မိဘနှစ်ပါးစလုံးဟာ အလုပ်အကိုင်နဲ့ဖြစ်တာကြောင့် သူတို့ရဲ့အဖွားက ကလေးငယ်တွေကို ပြုစုစောင့်ရှောက် ပေးပါတယ်။
တစ်နေ့အဖွားက ကလေးတွေကို ထမင်းကျေွးဖို့အဘွားမှာ သူတို့လက်ချောင်းတွေမှာ သွေးထွက်နေ တာကို မြင်တွေ့ခဲ့တာဖြစ်ပါတယ်။ “ဒါဟာ ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကလေးတွေရဲ့ လက်ချောင်းတွေက ကြွက်ကိုက်ထားသလို ဖြစ်နေပါတယ်။ သူတို့ရဲ့ လက်ချောင်းတွေကို သူတို့ဘာသာစားပစ်တာကို မယုံကြည် နိုင်သေးပါဘူး” လို့ ကလေးတွေရဲ့ ဖခင်က ဆိုပါတယ်။
အံ့သြစရာကောင်းတာတစ်ခုက ကလေးတွေမှာ နာကျင်မှုကို ခံစားရတဲ့ပုံ လုံး၀မတွေ့ရပါဘူး။ ဆေးရုံသွားပြပြီး တဲ့ နောက်မှာ ကလေးတွေဟာ Congenital Insensitivity to Pain (CIP) လို့ခေါ်တဲ့ ရှားပါးမိျုးရိုးဗီဇဆိုင်ရာ ေ၀ဒနာ တစ်ခုကို ခံစားနေရတာဖြစ်ကြောင်း သိခဲ့ရပါတယ်။ CIP ရှိတဲ့ လူတွေဟာ အထိအတွေ့နဲ့ အပူချိန်ကို ခံစားနိုင်ပေမယ့် နာကျင်မှုေ၀ဒနာကိုတော့ ခံစားနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် မိမိကိုယ်တိုင်တောင် မသိလိုက်ဘဲ လက်ချောင်းများကို ကိုက်ဝါးမိခြင်း၊ လက်အပူပေးမိခြင်းတို့ကို ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသော်လည်း နာကျင်မှုမရှိတာကြောင့် ရောဂါပိုးကူးစက်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံရနိုင်ပါတယ်။
CIP ဟာ မွေးရာပါမျိုးရိုးဗီဇချို့ယွင်းချက်တစ်ခုဖြစ်ပြီး SCN 9A Gene မှာ မူမမှန်တဲ့ပြောင်းလဲမှုကြောင့် ဖြစ်နိုင် သလို ဦးနှောက်မှ အန်ဒိုဖင်း (Endorphins) ဟော်မုန်း အလွန်အကျွံထွက်ရှိမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ယခုအခါမှာ ထိခိုက်ဒဏ်ရာထပ်ပြီး မရရှိအောင် ကလေးတွေရဲ့ခြေထောက်နဲ့ လက်တွေကို ပတ်တီးနဲ့ စည်းနှောင်ထားရပါတယ်။ ကလေးတွေရဲ့ အခြေအနေဟာ ပြင်းထန်ပြီး ကုသမှု လိုအပ်နေပေမယ့် ငွေကြေးတတ်နိုင်မှု မရှိတာကြောင့် ဘုရားသခင်ဆီမှာ ဆုတောင်းလျက်ရှိတယ်လို့ ဖခင်ဖြစ်သူကဆိုပါတယ်။
Dr. Htet Htet Aung















