/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခန္ဓာအတွက်-အရေးကြီးအင်္ဂါတစ်ခုဖြစ်တဲ့-သိုင်းရွိုက်ဂလင်း

ကိုယ်ခန္ဓာအတွက် အရေးကြီးအင်္ဂါတစ်ခုဖြစ်တဲ့ သိုင်းရွိုက်ဂလင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့ဘက်ထဲမှာရှိပြီး ဟော်မုန်းဓာတ်တွေကို ထုတ်ပေးနေတဲ့ လိပ်ပြာပုံစံ အင်္ဂါအစိတ်အပိုင်းတစ်မျိုးပါပဲ။
    သိုင်းရွိုက်ဂလင်းရဲ့ ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အပိုင်း တော်တော်များများကို သက်ရောက်မှုရှိပါတယ်။ ဥပမာ -နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ ကိုယ်အလေးချိန်၊ ကြွက်သားသန်စွမ်းမှု၊ သွေးတွင်းအဆီပမာဏနဲ့ ရာသီစက်ဝန်းတွေကို ထိန်းချုပ်မှုမှာ ပါဝင်နေပါတယ်။

>>    သိုင်းရွိုက်ဂလင်းမှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကတော့ -
(၁)     ဟော်မုန်းများ လွန်ကဲစွာ ထုတ်လုပ်ခြင်း (Hyperthyroidism)
    ဒီရောဂါဟာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုတွေကို ပိုပြီးတိုးမြှင့်လုပ်ဆောင်စေတဲ့ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် လူဟာ နှလုံးခုန်မြန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ နုံးချိခြင်း၊ လက်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ မျက်လုံးပြူးလာခြင်း၊ အိမ်သာ ခဏခဏတက်ရခြင်းနဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ခံစားရတတ်ပါတယ်။
    Graves’ disease လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်လွဲမှားမှုရောဂါ (မိမိကိုယ်ခံအားက မိမိခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်ခြင်း) နဲ့ ဆက်စပ်နေတတ်ပြီး အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုများသူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာ အဖြစ်များတတ်ပါတယ်။

(၂)     ဟော်မုန်းထုတ်လုပ်မှု ကျဆင်းခြင်း (Hypothyroidism)
    ဒီရောဂါမှာတော့ အပေါ်ကရောဂါနဲ့ ဆန့်ကျင်ဘက် လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ နှလုံးခုန်နှေးခြင်း၊ ဝမ်းချုပ်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန် တိုးလာခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ အဆစ်အမြစ်များ နာကျင်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
    Hashimoto’ disease လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် လွဲမှားမှုရောဂါနဲ့ ဆက်စပ်နေတတ်ပြီး တစ်ခါတစ်ရံ ဟော်မုန်းများ လွန်ကဲစွာ ထုတ်လုပ်ခြင်းရောဂါကို ကုသမှုခံယူနေရတဲ့သူတွေမှာလည်း တွေ့ရတတ်ပါတယ်။

(၃)     လည်ပင်းကျိတ်ကြီးခြင်း (Goiter)
    သိုင်းရွိုက်ဂလင်း အရွယ်အစားကြီးလာခြင်းဖြစ်ပြီး လည်ပင်းမှာ တစ်ဆို့ဆို့ဖြစ်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ တွေ့ကြုံရတတ်ပါတယ်။ အိုင်အိုဒင်းဓာတ် လိုအပ်ခြင်းကြောင့် အဖြစ်များပါတယ်။ သူ့အလိုလို ပြန်ကောင်းသွားတတ်ပြီး အရမ်းကြီးလာရင်တော့ ခွဲစိတ်မှု ခံယူရတတ်ပါတယ်။

(၄)     သိုင်းရွိုက်ဂလင်းတွင် အလုံးတည်ခြင်း (Thyroid nodule)
    အမျိုးသမီးများတွင် ပိုဖြစ်တတ်ပြီး ဟော်မုန်းထုတ်လုပ်မှုလွန်ကဲခြင်း (Hyperthyroidism) နဲ့ ဆက်စပ်နေတတ်ပါတယ်။ အရွယ်အစားကြီးရင်တော့ ခွဲစိတ်ရခြင်း၊ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းနဲ့ ကုသရခြင်းတို့ ခံယူရတတ်ပါတယ်။

(၅)     သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်း (Thyroiditis)
    မျိုးရိုးလိုက်ခြင်းနဲ့ ကိုယ်ခံအားစနစ် လွဲမှားမှုရောဂါတွေဖြစ်တဲ့ မွေးရာပါ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါ၊ ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားပိုးများကြောင့် ဖြစ်တတ်ပါတယ်။

(၆)     သိုင်းရွိုက်ကင်ဆာ
    ရောဂါလက္ခဏာ ထွေထွေထူးထူးမပြတတ်ဘဲ အလုံးအကျိတ်အနေနဲ့ တွေ့ရတတ်ပါတယ်။ သိုင်းရွိုက်ဂလင်းတစ်ခုလုံးကို ဖြတ်ထုတ်ရပြီး ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းကို ဆက်ပေးခြင်းဖြင့် ကျန်ရှိနေခဲ့နိုင်သေးတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ရပါတယ်။
     {သိုင်းရွိုက်ဂလင်းရောဂါတွေကို တယ်လီဗေးရှင်းဓာတ်မှန် (အာလ်ထရာဆောင်း) ရိုက်ခြင်း၊ သွေးစစ်ခြင်းတို့ကနေ သိရှိနိုင်ပြီး ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အချိန်မီ ကုသနိုင်ပါတယ်။}

ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)