/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုရိုနာဗိုင်းရပ်စ်ဟာ-အရာဝတ္ထုတွေနှင့်-မျက်နှာပြင်ပေါ်မှာ

ကိုရိုနာဗိုင်းရပ်စ်ဟာ အရာဝတ္ထုတွေနှင့် မျက်နှာပြင်ပေါ်မှာ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါရှိသူတစ်ဦး စကားပြောစဉ်၊ ချောင်းဆိုးနှာချေစဉ်မှာ နှာခေါင်းနှင့်ပါးစပ်က ထွက်ကျလာတဲ့ အမှုန်အမွှားတွေကနေ ကူးစက်တာဖြစ်ကြောင်း ကျွန်မတို့ သိရှိကြပြီး ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ ကျွန်မတို့ဟာ mask တွေကို ဘယ်သွားသွား ဝတ်ဆင်ထားကြရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်မတို့အနေနှင့် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသူတစ်ဦး ထိတွေ့ထားတဲ့ပစ္စည်းတွေနှင့် မျက်နှာပြင်တွေကိုလည်း ထိတွေ့ကောင်း ထိတွေ့နိုင်ပါတယ်။ ထိုမျက်နှာပြင်တွေကို ကျွန်မတို့လက်များဖြင့် ကိုင်တွယ်ပြီးနောက် ကျွန်မတို့မျက်နှာကို ထိတွေ့မိမယ်ဆိုရင်တော့ နှာခေါင်းနှင့်ပါးစပ်တွေကနေတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကိုယ်ထဲသို့ ရောက်ရှိသွားမှာ သေချာသလောက်ပါပဲ။
ဒါဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်လိုနေရာတွေမှာ ဘယ်လောက်ကြာကြာ အသက်ရှင် နေထိုင်နိုင်သလဲဆိုတာ သိရှိလိုကြမယ် ထင်ပါတယ်။
သုတေသနပြုလုပ်ချက်တွေအရ အသက်ရှင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်တစ်ကောင်ဟာဆိုရင် ဘယ်လိုနေရာမျိုးမှာမဆို နာရီအနည်းငယ်ကနေ ရက်အနည်းငယ်အတွင်း အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ နေရောင်ခြည်ရရှိသောနေရာများ၊ အပူချိန်မြင့်သောနေရာများနှင့် ပိုးသတ်သန့်စင်ထားတဲ့နေရာတွေမှာတော့ အသက်ရှင်နှုန်း နည်းပါးနိုင်ပါတယ်။

>>  နေရာအလိုက် အသက်ရှင်နိုင်သောအချိန်ကတော့ -
●  ဖန်သားမျက်နှာပြင်ပေါ်တွင် ၅ ရက်
●  သစ်သားပေါ်တွင် ၄ ရက်
●  ပလတ်စတစ်နှင့် စတီးထည်များပေါ်တွင် ၃ ရက်
●  စက္ကူဘူးများပေါ်တွင် ၂၄ နာရီ
●  ကြေးမျက်နှာပြင်ပေါ်တွင် ၄ နာရီတို့ ဖြစ်ပါတယ်။

>>  ကိုရိုနာဗိုင်းရပ်စ်ဟာ စာအိတ်ပေါ်တွင် အသက်ရှင်နိုင်လား?
ယနေ့ခေတ်မှာ ကျွန်မတို့အားလုံးဟာ Online Shopping များနှင့် မစိမ်းကြတဲ့အလျောက် Delivery ပို့ဆောင်သူများကနေတစ်ဆင့် သယ်ဆောင်လာတဲ့ စက္ကူအိတ်တွေကနေ ကိုဗစ် ကူးစက်နိုင်သလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
တကယ်တမ်းကတော့ ကိုဗစ်ဟာ စက္ကူနှင့်ပြုလုပ်ထားတဲ့ မျက်နှာပြင်များထက်စာရင် ပြောင်ချောညီညာသော မျက်နှာပြင်များတွင်သာ ပိုမိုအသက်ရှင်နေထိုင်ပါတယ်။
ထို့ပြင် ကိုဗစ်ဟာ ပူပြင်းသောရာသီထက် အေးသောရာသီမှာ ပိုမိုရှင်သန်နိုင်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။
ကျန်းမာရေးအတွက် ပိုမိုစိတ်ချရစေဖို့ကတော့ ကျွန်မတို့အနေနှင့် အပြင်သွားတိုင်း mask တပ်ခြင်း၊ ပစ္စည်းများနှင့် မျက်နှာပြင်များကို မထိတွေ့မီ အယ်ကိုဟောစပရေးဖျန်းခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်းတို့ကို မဖြစ်မနေ လိုက်နာကြဖို့ အကြံပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)