ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ယောက်ရဲ့ ရင်ဖွင့်ချက်
ငါ့နာမည်ကတော့ David ပါ။ အသက် ၂၇, စတုတ္ထနှစ်ဆေးကျောင်းသားဖြစ်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်၊ အရင်က ဘာမှမဖြစ်ဖူးတဲ့ ကျန်းမာတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း ဒီ corona virus က ငါ့ကိုမကူးနိုင်ဘူးလို့ တစ်ထစ်ချယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ အရမ်းကို မှားခဲ့ပါတယ်။
မတ်လအစောပိုင်းမှာ US တစ်နိုင်ငံလုံးမှာ ရောဂါတွေ ဟိုနားဒီနား တစ်စတစ်စ များလာတာကို ကြားနေရပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ပဲ လက်ဆေးရင် ရပါတယ်။ ပါတီတော့ သွားလိုက်ဦးမယ်၊ ပြန်လာမှပဲ social distancing လုပ်တာပေါ့၊ ဒီလိုမျိုး သဘောထားခဲ့တယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ ဒီ virus ဟာ အာဖရိကမှာ ၂ လလောက်နေပြီး ပြန်လာခဲ့တုန်းက လေဆိပ်တွေမှာ ကူးခဲ့တာလည်း ဖြစ်နိုင်သလို Florida မှာ ကမ်းခြေသွား၊ ပြီးတော့ ကျောင်းပြန်သွားတုန်းက ကူးစက်ခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ငါ့ကိုတော့ မကူးနိုင်ဘူး၊ ကူးခဲ့ရင်တောင် ရိုးရိုးတုပ်ကွေးလောက်ပဲခံရမှာလို့ ထင်ခဲ့ပါတယ်။
Indiana က ပြန်ရောက်ပြီး နောက်ရက် မတ်လ ၂၁ ရက်နေ့မှာ ဖျားတယ်၊ ချမ်းပြီး နုံးတယ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲနေခဲ့တယ်။ ဒါပေမဲ့ အသက်ရှူကြပ်တာ၊ ချောင်းဆိုးတာ စတဲ့လက္ခဏာတွေ လုံးဝမရှိခဲ့ပါဘူး။ ဒါကြောင့် ရိုးရိုးတုပ်ကွေးမိတာလို့ပဲ ထင်ခဲ့ပါတယ်။
ဒါကြောင့်မို့ ရိုးရိုးအကိုက်အခဲပျောက်ဆေးနဲ့ အဖျားကျဆေးသောက်ပြီး အိပ်ရာထဲမှာ တစ်ရက်နေပြီး နောက်ရက် ဆေးခန်းသွားပြခဲ့ပါတယ်။ အဖျားက 101°F ရှိတာမို့ အခန်းတစ်ခုထဲမှာ သက်သက်ထားပြီး ဆရာဝန်က ဝတ်စုံပြည့်နဲ့ လာကြည့်ပါတယ်။ တုပ်ကွေးပိုး (influenza A, B, RSV) တွေ စစ်ပြီး မရှိကြောင်း အဲ့နေ့မှာပဲ အဖြေထွက်ခဲ့ပါတယ်။ Corona အဖြေကတော့ နောက် ၇ ရက်နေ့မှ သိရမယ်ဆိုပြီး ပြန်လွှတ်ခဲ့ပါတယ်။
နောက်ရက်တွေမှာ အခြေအနေက ပိုပိုဆိုးလာပြီး အစားစားချင်စိတ်လည်း မရှိတော့ပါဘူး။ ၁၀ ပေါင်လောက် ကျသွားပြီး ဆေးတွေကိုလည်း ၆ နာရီခြား သောက်နေရပါတယ်။
အဖျား ၆ ရက်မြောက်နေ့မှာတော့ ကျွမ်းကျင်ပညာရှင်တွေ ရေးထားတဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို ပိုပြီးဆိုးရွားအောင် လုပ်ပေးနေနိုင်တယ်ဆိုတဲ့ စာတမ်းကို ဖတ်မိလိုက်တဲ့အတွက် အကိုက်အခဲပျောက်ဆေးကို ရပ်လိုက်ပြီး အဖျားကျဆေးပဲ ဆက်သောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ နည်းနည်းသက်သာလာခဲ့ပေမယ့် ဖျားတာနဲ့ ချမ်းတာကတော့ ကျန်နေပါသေးတယ်။
၇ ရက်မြောက်နေ့မှာတော့ အဖျားကျဆေးပါ ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ခန္ဓာကိုယ်ပဲ ဒီ virus ကို သူ့ဘာသာတိုက်ထုတ်ဖို့ အခွင့်အရေးပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
၈ ရက်မြောက်နေ့မှာတော့ အဖျားပါ မရှိတော့ပါဘူး။ ဒီ ၇ ရက်လုံးကိုလည်း အိမ်မှာ သီးခြားနေ (self-quarantine) နေခဲ့ပါတယ်။ အဲဒီ့နေ့မှာပဲ corona virus+ ဆိုတဲ့ အဖြေကို လှမ်းအကြောင်းကြားပြီး နောက်ထပ် ၇ ရက် quarantine လုပ်ဖို့ ညွှန်ကြားလာပါတယ်။
အခု ၁၃ ရက်နေ့မြောက်မှာတော့ အဖျားလည်း လုံးဝမရှိတော့လည်း တခြားလက္ခဏာတွေလည်း အကုန်မရှိတော့ပါဘူး။ ဒီကြားထဲမှာတော့ ညဘက်ပဲ တစ်ခါတလေ အဖျားတက်၊ ချမ်းတုန်တာမျိုး ရှိပါတော့တယ်။
ဒီအကြောင်းကို ဘာလို့ပြောပြနေရလဲဆိုရင် ငါ့အမှားကနေ သင်ခန်းစာ ယူစေချင်လို့ပါ။ သင်ဟာ ငယ်ရွယ်တယ်၊ ကျန်းမာတယ်ဆိုရုံနဲ့ ဒီ corona virus က သင့်ဆီမရောက်လာနိုင်ဘူးလို့ မထင်ပါနဲ့။ သတိပေးချက်တွေကို လိုက်နာပါ။ အပြင်မထွက်ကြပါနဲ့။
အခုဆိုရင် လူတွေ အမြောက်အမြား သေကုန်ကြပြီ။ တချို့နိုင်ငံတွေမှာ ဆေးရုံခုတင်တွေ၊ အသက်ရှူစက်တွေ မလုံလောက်တော့တာကို ရင်ဆိုင်နေရပါပြီ။
ဆရာဝန်တွေအတွက်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ mask တွေ၊ PPE တွေ မလုံလောက်တဲ့ပြဿနာတွေ ရှိနေပြီ။ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့မှာထွက်ပြီး ရင်ဆိုင်နေရချိန်မှာ သင်လုပ်နိုင်တာတစ်ခုက အိမ်မှာနေဖို့ပါ။
သင်ကိုယ်တိုင်လည်း မသိလိုက်ဘဲ ရောဂါပိုးသယ်ဆောင်သူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ သင့်ဆီကိုလည်း ဒီပိုးဟာ အချိန်မရွေး ရောက်လာနိုင်ပါတယ်။
Dr. Htar (www.drmyanmar.com)














